တိုက်ကြီးမြို့နယ်တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တိုက်ကြီး ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက တိုက်ကြီးမြို့နယ်၊ အလဘုတ်ကျေးရွာ၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားပြီး တိုက်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိုးဝင်းမောင်က ကျေးလက်နေတိုင်းရင်းသား ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိသားစုဝင်ငွေတိုးပွားစေရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က တိုင်းရင်းသားဘာသာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများ ခန့်ထားပေးနေမှု အခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးသန်းထွဋ်အောင်က ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှုများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက သက်ကြီးရွယ်အိုများအား ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရပါက တိုင်ကြားနိုင်သည့် Helpline ဖုန်းနံပါတ်ကို လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးက အမှိုက်ခွဲခြားစွန့်ပစ်ခြင်းကိုလည်းကောင်း၊ သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအုန်းထွန်းက သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းတို့မှ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး ဆောင်ရွက်ပေးနေမှုများကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေများကိုလည်းကောင်း အသိ ပညာပေး ဟောပြောသည်။

ထို့နောက် အလဘုတ်ကျေးရွာမှ တိုင်းရင်းသားပြည်သူများအား အခြေခံခြင်းယက်လုပ်ခြင်း သင်တန်းအား ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)