လွိုင်ကော် ဇွန် ၂၈
ပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့အား ပြည်နယ်၏မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၆ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ လွိုင်ကော်မြို့အား သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ချက်များချမှတ်ကာ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ယနေ့အစည်းအဝေးအား ပြုလုပ်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအပြင် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းပိုမိုထိရောက်အောင်မြင်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရမည့် လုပ်ငန်းလိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်ပညာရေးမှူးရုံးတို့က မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့်အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ မှာကြားခဲ့ပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)