မိတ္ထီလာ ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် မြန်မာ့အာမခံလုပ်ငန်းမှ မီးအာမခံနှင့် မြေငလျင် အပိုအကာအကွယ်ယူထားသူများအား မြေငလျင်အာမခံလျော်ကြေးငွေပေးအပ်ပွဲကို ဇွန် ၂၇ ရက် နံနက် ၉ နာရီခွဲက မြန်မာ့အာမခံလုပ်ငန်း မိတ္ထီလာခရိုင်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မြေငလျင်အာမခံလျော်ကြေးငွေပေးအပ်ပွဲတွင် မြန်မာ့အာမခံလုပ်ငန်း မိတ္ထီလာခရိုင်တာဝန်ခံ ဦးဌေးလွင်က အာမခံလုပ်ငန်းများအကြောင်းနှင့် မြန်မာ့အာမခံလုပ်ငန်း မိတ္ထီလာခရိုင်ရုံးမှ ပေးချေခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့အာမခံလုပ်ငန်း ကိုယ်စားလှယ် ဦးထွန်းထွန်းဇော်က စက်မှုလုပ်ငန်းအန္တရာယ်အလုံးစုံအာမခံ(IAR)အကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြန်မာ့အာမခံလုပ်ငန်းကိုယ်စားလှယ် ဦးဘလွင်ဦးက အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ ပညာရေးအာမခံတို့အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့အာမခံလုပ်ငန်း မိတ္ထီလာခရိုင်ရုံးမှ မီးအာမခံနှင့် မြေငလျင်အပိုအကာအကွယ်ယူထားသည့် ပေါ်လစီရှင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဇေယျ၊ မိတ္ထီလာခရိုင် မြန်မာ့အာမခံလုပ်ငန်းတာဝန်ခံ ဦးဌေးလွင်နှင့် တာဝန်ရှိသူများက မြေငလျင်အာမခံလျော်ကြေးငွေများ ပေးအပ်သည်။
မြန်မာ့အာမခံလုပ်ငန်း မိတ္ထီလာခရိုင်ရုံးမှ မီးအာမခံနှင့် မြေငလျင်အပိုအကာအကွယ် ယူထားသူများအား မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်မြေငလျင်ကြောင့် အဆောက်အဦများ ပျက်စီးခြင်းအတွက် အာမခံအကာအကွယ်ထားရှိသည့် ပေါ်လစီရှင် ၁၀ ဦးအတွက် မြေငလျင် အာမခံလျော်ကြေးငွေကျပ် သိန်း ၁၅၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)