အမရပူရ ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘတ်စကက်ဘောပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုးသားပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အားကစားပညာအသင်းက (၃၆)မှတ်၊ သင်္ချာအသင်းက (၅)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှေးဟောင်းအသင်းက (၁၄)မှတ်၊ သတ္တအသင်းက (၆) မှတ်ဖြင့် အသီးသီးအနိုင်ရရှိကြသည်။
အဆိုပါ ဘတ်စကက်ဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်မျိုးသန့်နှင့် ကော်မတီဝင်များ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။
အုပ်စုပွဲစဉ်များတွင် ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၇ သင်းနှင့် အမျိုးသမီးအသင်း ၆ သင်းတို့က ဇွန်လ ၂၄ ရက်မှ ၃၀ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)