မချမ်းဘော၌ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး စတင်ထိုးနှံ

မချမ်းဘော ဇွန်၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Pfizer Comirnaty JN-(Gray Cap) ထပ်ဆောင်းထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက မိခင်နှင့်ကလေး ကျန်းမာရေးဌာန(MCH)၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၁)ကြိမ်မျှ မထိုးနှံရသေးသော အသက် ၁၈ နှစ်အထက်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆) လပြည့်ပြီးသော ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အသက် ၆၀ နှစ်အထက်ရှိသူများ၊ အသက် ၅၀ နှစ်အထက် နာတာရှည် ရောဂါရှိသူများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ(၁၂)လ ပြည့်ပြီးသော အသက် ၁၈ နှစ်အထက် နာတာရှည်ရောဂါရှိသူများ၊ အသက် ၁၂ နှစ်နှင့်အထက် ကိုယ်ခံအားနည်းရောဂါရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်လိုအပ်သူများ၊ ကိုယ်ဝန်ဆောင်ကာလ(၃)လနှင့်အထက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များစသည့် ဦးတည်အုပ်စု အကျုံးဝင်သူများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မချမ်းဘောမြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးအောင်မင်းဦး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ဇွန်လ ၂၅ ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့ထိ မချမ်းဘောမိခင်နှင့်ကလေး ကျန်းမာရေးဌာန( MCH) ၌လည်းကောင်း၊ ဇွန်လ ၂၈ ရက်နေ့၌ ထရန်ဒမ်း (RHC)၌လည်းကောင်း နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ 

ယောရွှေနီ