ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်‌ရောက်

ဟိုပုံး ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့မအားကစားဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်သွေးသစ်အားကစားသမားများကို အခြားနိုင်ငံများနည်းတူ ခေတ်မီအားကစားပစ္စည်းများနှင့် လေ့ကျင့်နိုင်ဖို့ နိုင်ငံ‌တော်အစိုးရအနေဖြင့် အလေးထားစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါ‌ကြောင်း၊ ဟိုပုံးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့်လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်မှ ကြီးမှူးကျင်းပသော ပြိုင်ပွဲ(၂၈)မျိုး အနက်(၂၂)မျိုး ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပြီး ဆုရရှိမှုအနေဖြင့် ‌ရွှေ(၁၁)ခု၊ ငွေ(၂၀)ခု၊ ကြေး(၁၈)ခုရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အသင်းများအနေဖြင့် အနိုင်၊ အရှုံးဟာ အဓိကမဟုတ်ဘဲ ယှဉ်ပြိုင်ခြင်းဟာအဓိကဖြစ်သည့်အတွက် အားကစားစိတ်ဓာတ်ပြည့်ဝစွာဖြင့် ယှဉ်ပြိုင်ကစားသွားကြပါ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နဲ့ပြည့်ဝတဲ့ လူငယ်များဖြစ်အောင် ကြိုးစားကြပါ၊ လူမျိုးဂုဏ်၊ ဒေသဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစားသမားအဖြစ်သို့ ရောက်ရှိအောင်ကြိုးစားကြဖို့ ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီးနှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီးက ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီးနှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူနှင့်  ဘောလုံးဝါသနာရှင်များက ကျောင်းလွယ်ဘောလုံးအသင်းနှင့် ကာရုဲင်းဘောလုံးအသင်း ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို ဇွန်လ(၂၄)ရက်နေ့မှ ဇူလိုင်လ (၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အသင်းပေါင်း(၃၈)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)