သာစည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

သာစည် ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ဇွန် ၂၃ ရက် နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးအောင်ဖြိုးလွင်က မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ပါဝင်ဆောင်ရွက်နေမှုများ၊ ကလေးသူငယ်၏ အသက်အရွယ်၊ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်နှင့် အလုပ်လုပ်ကိုင်ခွင့်မပြုသည့် အသက်အရွယ်၊ ကလေးအလုပ်သမားတစ်ဦး၏ အလုပ်ချိန်၊ ကလေးအလုပ်သမားများအား ခိုင်းစေခြင်းမပြုရသည့် အလုပ်နေရာများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ စသည်ဖြင့် ကလေးသူငယ်ဆိုင်ရာဥပဒေများကို အသိပညာပေးဟောပြောရာ ကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။ ဆက်လက်၍ မိတ္ထီလာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထာက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက ကမ္ဘာ့အအေးပေးပစ္စည်းများအကြောင်းကိုလည်းကောင်း၊ မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးက ဘေးအန္တရာယ်ဆိုင်ရာများနှင့် ဌာနမှဆောင်ရွက်နေမှုများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် အသိပညာပေး နံရံကပ်စာစောင်များနှင့်သုတရသစာအုပ်များ ပြသခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)