မိုးညှင်း၌ သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးနည်းသင်တန်းဆင်းပွဲကျင်းပ

မိုးညှင်း ဇွန် ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းလုပ်ငန်းစွမ်းဆောင်ရည်မြှင့် သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးနည်းသင်တန်း ဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက ခရိုင်ကျေးလက်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ၎င်းသင်တန်းဆင်းပွဲနှင့်ပတ်သက်၍ မိမိဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ မြို့နယ်ရုံးများမှ ဝန်ထမ်းများသည် လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်လာပြီး တစ်ဦးချင်းစီ၏ အရည်အချင်းများ မြှင့်မားလာကာ လုပ်ငန်းများ ပိုမိုလျင်မြန်ထိရောက်အောင်မြင်စွာ လုပ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြများက ထူးချွန်ဆုရွေးချယ်ခြင်းနှင့် ကွင်းဆင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးတင်ပြခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားကြပြီး ထူးချွန်ဆုများရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ကြပြီးနောက် ထူးချွန်ဆုရရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ မြို့နယ်ရုံးများမှ ဝန်ထမ်းများ စုစုပေါင်း (၁၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇွန်(၁၀)ရက်မှ (၂၃)ရက်အထိ နှစ်ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။  

ရွှေမိုးညှင်း(ပြန်/ဆက်)