ရန်ကုန် ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီကကျင်းပပြုလုပ်သော ‘လူငယ်တို့၏စွမ်းအားမှသည် ကျား၊ မတန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးဆီသို့’ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌဦးဇော်လွင်ဦးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ဆက်လက်၍ ကျား၊ မတန်းတူညီမျှရေးနှင့် လူ့အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဒေါ်ကြည်သာဝင်းမြင့်က အသိပညာပေးဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Gender Awareness with a Focus on Gender Stereotypes ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းများပြုလုပ်ခဲ့သည်။
ယင်းနောက် ဒေါ်အေးမြမြထွန်း(ပညာရေးအကြံပေး)မှ လူ့အခွင့်အရေးနိဒါန်းအား ဆွေးနွေးဟောပြောခြင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ညွှန်ကြားရေးမှူးဦးဇော်လွင်ထူးက လူငယ်များအတွက် လူ့အခွင့်အရေးအရေးပါပုံကို ဆွေးနွေးဟောပြောခဲ့သည်။
ထိုနောက် ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဒေါ်သီတာခိုင်က ရေနှင့်ရေကိုသုံးစွဲပုံအကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဌေးအောင်က ဆွေးနွေးဟောပြောခဲ့ကြသည့်သူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လှိုင်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များမှအသင်းသူ၊ အသင်းသားများ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)