စဉ့်ကိုင် ဇွန် ၂၃
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က(ကသဲစု)တို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ မူးယစ်အန္တရာယ်နှင့်ပတ်သက်သည့် ဆိုးကျိုးများကို သိရှိစေရန်ရည်ရွယ်ကာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.မ.က (ကသဲစု)၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အ.မ.က (ကသဲစု)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းကာ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါး၏ ကျေးကျွန်များမဖြစ်အောင် နေထိုင်ရန်၊ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် မိတ်ဖွဲ့နေထိုင်ခြင်း မပြုလုပ်ရန်၊ မည်သည့် မူးယစ်ဆေးဝါးကိုမျှ စမ်းသပ်သုံးစွဲခြင်း မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများအကြောင်း၊ အန္တရာယ်ဆိုးကျိုးများ အကြောင်း စသည့် အကြောင်းအရားများကို ကျောင်းသား/ကျောင်းသူများနှင့် အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေခဲ့ကြသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)