ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

အင်းစိန် ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဇုန်အတွင်းရှိ လုပ်ကွက်အလိုက် မွေးမြူထားရှိမှု အခြေအနေ၊ တိရစ္ဆာန်အစာပင်နှင့် လေကာပင်များ စိုက်ပျိုးထားရှိမှုအခြေအနေ၊ မွေးမြူရေးခြံများ တည်ဆောက်နေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးမွေးမြူရေးဇုန် အကွက်အမှတ် A33 ရှိ ကြက်ခြံတည်ဆောက်မည့် မြေနေရာအားလည်းကောင်း၊ အကွက်အမှတ် A32 ရှိ ပိုင်ရှင်ဒေါ်မြမြထွေး၏ခြံတွင် ဒေသနွားအကောင်ရေ (၂၅၀)မွေးမြူထားရှိမှု၊ ခြံတိုးချဲ့တည်ဆောက်နေမှု၊ တိရစ္ဆာန်အစာပင်နှင့် ခြံရှေ့လမ်းတွင် လေကာပင်များ စိုက်ပျိုးထားရှိမှုအခြေအနေအားလည်းကောင်း၊ အကွက်အမှတ် B6 ရှိ Aye Yar Mingalar Company Limited ၏ခြံတွင် ဒေသနွားအကောင်ရေ (၇၅)ကောင် မွေးမြူထားရှိမှုနှင့် ခြံတိုးချဲ့တည်ဆောက်ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ အကွက်အမှတ် B5 ရှိ ပိုင်ရှင်ကိုဇေယျာဖြိုး၏ ဒေသနွားမွေးမြူမည့်ခြ ံတည်ဆောက်ပြီးစီးမှုအခြေအနေနှင့် အစာပင်များ စိုက်ပျိုးမည့် မြေနေရာအားလည်းကောင်း၊ အကွက်အမှတ် B4 ရှိ ပိုင်ရှင် ဦးသီဟစိုး၏ခြံတွင် နို့စားနွားအကောင်ရေ(၁၆၀) မွေးမြူထားရှိမှုအားလည်းကောင်း၊ အကွက်အမှတ် A1 ရှိ ပိုင်ရှင်ဦးကျော်သိန်းခိုင်၏ ကြက်ခြံတည်ဆောက်မည့်နေရာ၊ အစာပင်များနှင့် ရေသိုလှောင်ကန်ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ အကွက်အမှတ် A 18 ရှိ ပိုင်ရှင်မကေ၏ခြံတွင် ဥစားကြက်အကောင်ရေ(၃၂၀၀) မွေးမြူထားရှိမှုအားလည်းကောင်း၊ အကွက်အမှတ် A27 ရှိ ပိုင်ရှင် ဦးစံလင်း၏ ခြံတွင် ဥစားကြက် အကောင်ရေ(၃၀၀၀) မွေးမြူထားရှိမှုနှင့် ခြံတိုးချဲ့တည်ဆောက်မည့် မြေနေရာအားလည်းကောင်း၊ အကွက်အမှတ် A 26 ရှိ ပိုင်ရှင်ဦးသိန်းမြင့်၏ခြံတွင် အသားစားကြက် အကောင်ရေ(၁၄၀၀၀) မွေးမြူထားရှိမှုအားလည်းကောင်း၊ အကွက်အမှတ် A25 ရှိ ပိုင်ရှင်ဦးချစ်ကို၏ခြံတွင် နို့စားနွား အကောင်ရေ(၁၂)ကောင် မွေးမြူထားရှိမှုအားလည်းကောင်း၊ အကွက်အမှတ် A21 ရှိ Asian Lead Co.,Ltd (Royal AAT) ၏ခြံတွင် ဆိတ်အကောင်ရေ(၂၇၅)ကောင် မွေးမြူထားရှိမှုအားလည်းကောင်း၊ အကွက်အမှတ် A24 ရှိ Golden Duck Family Co.,Ltd၏ ခြံတွင် ဘဲအကောင်ရေ(၃၄၀၀) မွေးမြူထားရှိမှုအားလည်းကောင်း၊ အကွက်အမှတ် A12 ရှိ ရွှေဝသုန်၏ ခြံတွင် ငုံးအကောင်ရေ(၆၀၀၀၀) မွေးမြူထားရှိမှုအားလည်းကောင်း၊ အကွက်အမှတ် A30 ရှိ Myanmar Livestock Society Developer Co.,Ltd ၏ ခြံတွင် သိုးအကောင်ရေ(၅၄၀)နှင့် ဆိတ်အကောင်ရေ(၁၄၀) မွေးမြူထားရှိမှုအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းလုပ်ကိုင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ မွေးမြူရေးဇုန်အနီးရှိ သနပ်ချောင်းပိတ်ရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှ ရေထုတ်လွှတ်နေမှုနှင့် ရေလှောင်တမံ ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)