ကော့မှူးတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကော့မှူး ဇွန် ၂၃

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ဇွန်လ ၂၀ ရက်‌နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ပိုမိုမြှင့်မားလာစေရန်၊ အစုအဖွဲ့များဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာကာ စာပေဖတ်ရှု့ခြင်းဖြင့် အတွေးအမြင်ဗဟုတုတများ ပိုမိုကြွယ်ဝလာစေရန်နှင့် ထူးချွန်ထက်မြတ်သည့် လူငယ်များပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် “အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)