အောင်မြေသာစံ ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဧရာဝတီမြစ်အတွင်း ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြသခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ကမ်းနားလမ်း၊ ၂၂ လမ်း နှင့် ၂၆ လမ်းရှိ ဧရာဝတီရှုခင်းသာ လွင်ပြင်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားကို အစီအစဉ်အတိုင်းကျင်းပခဲ့ရာ ဇာတ်တိုက်လေ့ကျင့်မှုတွင် မိုးရွာသွန်းမှု များပြားလာ၍ ရေကြီးရေလျှံဖြစ်ပွားနိုင်ပြီး ကြိုတင်ပြင် ဆင်ထားရန် အသိပေးနှိုးဆော်ခြင်း၊ မီးသတ်ဦးစီးဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကူအညီတောင်းခံခြင်း၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ကျေးရွာအတွင်းရှိ လှေ/ သမ္မာန်များဖြင့်စုပေါင်း၍ ကယ်ထုတ်နိုင်ရေး လှေများစုဖွဲ့သွားရောက်ခြင်း၊ ရေဘေးသင့် ပြည်သူများကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်း၊ ရွှေ့ပြောင်းနေချိန်တွင် ဘေးသင့်၍ ရေစီးနှင့်အတူ မျောပါလာသူကို အသက်ကယ်ဘောကွင်း၊ Intelligence Lifebuoy , line Shooter၊ Dive Suit များ အသုံးပြု၍ ကယ်ဆယ်ရေးဆောင်ရွက်ခြင်း၊ ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့များမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ယာယီဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်၍ ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ယာယီခိုလှုံ နိုင်ရန် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းများသို့ပို့ဆောင်ပေးခြင်း၊ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း စသည့် လေ့ကျင့်သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ (၁၂)ခု ပြခန်းများ၊ ပြသထားသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းများနှင့်စက်ကိရိယာများ၊ မော်တော်ယာဉ်များ၊ စက်ယန္တရားယာဉ်ကြီးများကို လိုက်လံကြည့်ရှုသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြသမှုတွင်ပါဝင်ဆောင်ရွက်ခဲ့သည့်တပ်ဖွဲ့၊ အဖွဲ့အစည်းဝင်များအားတွေ့ဆုံ၍ မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် တုံ့ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းသည် အဓိကဆောင်ရွက်ရသည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ ယခုလို ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို စနစ်တကျလေ့ကျင့်ထားခြင်းဖြင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ၊ စက်ကိရိယာများနှင့် စက်ယန္တရားများကို ရင်းနှီးကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုလာနိုင်သည်သာမက အရေးကြုံလာပါက စုပေါင်းညီညွတ်မှုအင်အားဖြင့် ထိရောက်သည့်တုံ့ပြန်ဆောင်ရွက်မှုမျိုးကို ပေးစွမ်းနိုင်မည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)