နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် အိုလံပစ်နေ့အထိမ်းအမှတ် Skateboard နှင့် Fixed gear bike စက်ဘီးအားကစားပြိုင်ပွဲတက်ရောက်၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုနေမှု ကြည့်ရှု အားပေး၊

နေပြည်တော် ဇွန် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စိမ်းလမ်းစိုပြေစေရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဘုရားဝန်းတွင် နေပြည်တော်ကောင်စီမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကိုကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယ မြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်များတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးကအမှာစကားပြောကြားရာတွင် နေပြည်တော်စိမ်းလန်းစိုပြေသာယာလှပစေရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ဂေဟစနစ်ကောင်းမွန်မျှတစေရေးအတွက် သစ်ပင်များတိုးချဲ့စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ ရာသီဥတုကောင်းမွန်မျှတမှုရှိစေရန်နှင့် မြေဆီလွှာနှင့်ရေအရင်းအမြစ်များထိန်းသိမ်းနိုင်ရေး သစ်တောပြုန်းတီးမှုလျော့ချနိုင်စေရေးအတွက် သစ်ပင်များစိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ သစ်တော သစ်ပင်များကို သက်ရှိများရှင်သန်ရပ်တည်နိုင်ရေးအတွက်အလွန်အရေးပါသဖြင့်  စိုက်ပျိုးပြီးသစ်ပင်များကို ရှင်သန်ဖြစ်ထွန်းမှုရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊ သစ်တော သစ်ပင်များကို စက်မှုနှင့်ဝန်ဆောင်မှုကဏ္ဍများတွင် ကုန်ကြမ်းပစ္စည်းများ၊ ကုန်ထုတ်လုပ်ငန်းများ အတွက် ပံ့ပိုးပေးလျှက်ရှိပါကြောင်း၊အိမ်တိုင်းမှာသစ်ပင်၊ ရွာစဉ်မှာတောတန်း၊ တစ်တောဝင် တစ်တောဆက်၊ မြို့တက်မဲ့လမ်းဆိုသလို မြို့ရွာများအားလုံး နေရာအသီးသီးမှာလူတိုင်း သစ်ပင်စိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ သစ်ပင်များတိုးချဲ့စိုက်ပျိုးခြင်းကို အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် လူတိုင်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ နေပြည်တော်ကို Green City, Clean City, Smart City ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက ကံ့ကော်ပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများမှ သတ်မှတ်နေရာများတွင် ကံ့ကော်ပင် ၇၃၅ ပင် စိုက်ပျိုးနေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်-၁၈ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ကျောင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းအားကစား ကွင်းအတွင်းရှိခြုံနွယ် ပေါင်းမြက်များအား ရှင်းလင်းဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် နေပြည်တော်ရေပန်းဥယျဉ်သို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုလံပစ်နေ့ အထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံစကိတ်အားကစားအဖွဲ့ချုပ်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် Skateboardနှင့် Fixed gear bike စက်ဘီးအားကစားပြိုင်ပွဲများအား တက်ရောက်သည်။

ဦးစွာ ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှတစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးကို ဦးတည်ဆောင်ရွက်လျှက်ရှိကြောင်း၊ ယခုပြုလုပ်သည့်ပြိုင်ပွဲသည် အိုလံပစ်ဆောင်ပုဒ်ဖြစ်သည့် Faster, Higher and Stronger ကို မြှင့်တင်ဖို့ရည်ရွယ်သည့် ပြိုင်ပွဲလည်းဖြစ်သည့်အတွက် အားကစားလှုပ်ရှားမှုမှာ အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ စကိတ်အားကစားနှင့်စက်ဘီးအားကစား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထူးချွန်အားကစားသမားများကို ရွေးချယ်ပြီးနိုင်ငံတကာပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှ တစ်ဆင့် လူငယ်များ၏တက်ကြွမှု၊ ဖန်တီးနိုင်မှုစွမ်းရည်ပြည့်ဝမှုနှင့်  စိတ်ဓာတ်ကောင်းမှုတွေကို ပိုမိုဖန်တီးနိုင်မှာဖြစ်ကြောင်း၊ လူငယ်များအားလုံး မိမိတို့၏စွမ်းအားကို အပြည့်အဝပြသပြီး ပြိုင်ပွဲကိုပျော်ရွှင်စွာပါဝင်ဆင်နွဲရင်း အားကစားနှင့်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာများ ပိုမိုကြံခိုင် လာအောင် တည်ဆောက်သွားကြရန် လိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍  မြန်မာနိုင်ငံစကိတ်အားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌမှ ကျေးဇူးတင်စကားပြောကြားပြီး  မြန်မာနိုင်ငံစကိတ်အားကစားအဖွဲ့ချုပ် လက်ရွေးစင် စကိတ်ကစားသမားများနှင့် BMX ကစားသမားများမှ သရုပ်ပြကစားခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ သရုပ်ပြကစားသော စကိတ်ကစားသမားများနှင့် BMX ကစားသမားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်လည်ဖြေဆိုနေသည့် စာစစ်ဌာနများဖြစ်သော ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည်ရှုအားပေးပြီး ဆရာ၊ ဆရာမများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ယာများပြန်လည် ဆောက်လုပ်မည့်မြေနေရာကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး၊ စက်ယန္တရားများအမြန်ဆုံးရောက်ရှိရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ မြို့ပတ်လမ်းဘေး သစ်ပင်များစိုက်ပျိုးထားရှိမှုနှင့် ဆင်သေချောင်းတစ်လျောက် သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မြေလွတ်မြေလပ်မကျန်အောင် စိုက်ပျိုးနိုင်ရေး၊ သီးနှံများတစ်နှစ်သုံးသီးစိုက်ပျိုးရေးနှင့် သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လယ်ယာမြေများပေါ်တွင် သတ်မှတ် သီးနှံများသာ စိုက်ပျိုးရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိဆေးရုံ(ပင်လုံ)သို့သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရာဇသင်္ဂဟအိမ်ရာ-၂၊ တောင်ကြီးလမ်းတွင် ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းအားပြန်လည်ပြုပြင်နေမှုနှင့် စက်စက် ယိုချောင်း ပြန်လည်တူးဖော်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟဟ (ပြန်/ဆက်)