ဟားခါး ဇွန် ၂၂
၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲနှင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၁ ရက် နံနက် ၉ နာရီက ဟားခါးမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စက်မှုသက်မွေးအထက်တန်းကျောင်းဝန်း၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်မိုးဟိန်း၊ ပြည် နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စစ်ဗျူဟာ(အခြေချ)(ဟားခါး)မှ စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ချင်း ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်းဆွန်းထန်က သစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်က သစ်တောသစ်ပင်များကို ပိုမိုတန်ဖိုးထားချစ်မြတ်နိုးစွာ စိုက်ပျိုးထိန်းသိမ်းလာစေ ရန်၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းလာစေရေး အထောက်အကူဖြစ်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်များ ရေရှည်ထိန်းသိမ်းနိုင်စေရန်နှင့် စိမ်းလန်းစိုပြည်သာယာလှပသည့် မြို့ပြသစ်တောများ တည် ထောင်နိုင်ရေး အများပြည်သူများ သစ်ပင်ထိန်းသိမ်းစိုက်ပျိုးပြုစုခြင်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်တို့အတွက် စံနမူနာပြကျင်းပရခြင်းဖြစ်ကြောင်း၊ သစ်ပင်များသည်လူသား အပါအဝင် သတ္တဝါများအသက်ရှင်သန်မှုနှင့် လူသားမျိုးနွယ်တည်တံ့မှုတွင်အဓိကနေရာ၌ ရည်တည် လျက်ရှိကြောင်း၊ သစ်ပင်ဟုဆိုရာတွင်လည်း သဘာဝသစ်တောကြီးများအတွင်းမှ သစ်ပင်များအပြင် မြို့၊ ရွာအတွင်းရှိသစ်ပင်များ၊ ချုံပင်၊ နွယ်ပင်မှစ၍ ပုံစံအမျိုးမျိုးဖြင့် ပေါက်ရောက်လျက်ရှိသည့် အပင်အားလုံးကိုဆိုလိုကြောင်း၊ အဆိုပါသစ်ပင်၊ သစ်တောများကို မိမိတို့ဘိုးဘွားများအဆက်ဆက်က ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်းကြောင့် ယနေ့လူသားများသစ်ပင်များ၏ အကျိုးကျေးဇူးခံစားရခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်သည် သာယာလှပသည့် ရေမြေတောတောင် သဘာဝရှုခင်းများပေါများ ကြွယ်ဝပြီးမျှတအေးမြသည့် ရာသီဥတုအခြေအနေရှိပါကြောင်း၊ ထိုသို့သောကောင်းမွန်သည့် ပတ်ဝန်းကျင်အနေအထားအရ Nature based Ecotourism ခေါ် သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများရှိနေပါကြောင်း၊ သို့ဖြစ်ရာ သစ်တော သစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနှင့်အတူ စနစ်တကျအမှိုက်စွန့်ပစ်ခြင်း၊ ပလတ်စနစ်လျော့ချ သုံးစွဲခြင်း၊ တောမီးရှို့ခြင်းနှင့် အမဲလိုက် တောမီးရှို့ခြင်းများကို လျော့နည်းစေခြင်းတို့ကို ပြည်သူလူထု အားလုံးဝိုင်းဝန်းပါဝင်လိုက်နာလာစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်“နှစ် ၂၀ တစ်ဝိုက်အချိန်ကိုက်၊ တို့စိုက်ခဲ့လျှင် အကောင်းဆုံးပင် အခုချိန်စိုက်က နောက်မကျ ၊ ဒုတိယအကြိမ် အကောင်းဆုံးပ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ယနေ့သစ်ပင်စိုက်ပျိုးပွဲမှစပြီး ပြည်သူထူထုတစ်ဦး ၊ တစ်ယောက်စီတိုင်းက သစ်ပင်များ စိုက်ပျိုး ပြုစုထိန်းသိမ်းကြပါစို့ဟု အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်မိုးဟိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စစ်ဗျူဟာ(အခြေချ)(ဟားခါး)မှ စစ်ဗျူဟာမှူးတို့က သတ်မှတ်နေရာအသီးသီး၌ သစ်ပင်များစိုက်ပျိုးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများ၏ သစ်ပင်စိုက်ပျိုးနေမှုကို လည့်လည်ကြည့်ရှုသည်။
ယင်းနောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွငကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် သစ်ပင်စိုက်ပျိုးပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့သို့ ပျိုးပင်များပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက သတ်မှတ်နေရာအသီးသီး၌ သစ်ပင်များစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများ၏ သစ်ပင်စိုက်ပျိုးနေမှုကို လည့်လည်ကြည့်ရှုအားပေးသည်။
ချင်းပြည်နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်အတွင်း ဟားခါးမြို့နယ်နှင့် တီးတိန်မြို့နယ်များသို့ ပျိုးပင်မျိုးစုံ(၇၂၀၀၀)ပင် ပျိုးထောင်းထားရှိပြီး ပြည်သူများထံသို့ ဖြန့်ဝေစိုက်ပျိုးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပွဲတွင် ချယ်ရီပင်၊ စိန်ပန်းပြာပင်၊ ရေသင်းဝင်ပင်၊ ငုပင်၊ တောင်ဇလပ်ပင်၊ မျောက်ငိုပင်၊ သရက္ခံပင် စသည့် ပျိုးပင်ပေါင်း (၄၅၀)ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဟားခါးမြို့၊ အမှတ်(၂အခြေခံပညာနှင့်စက်မှု သက်မွေး အထက်တန်းကျောင်းရှိ စက်မှုကွန်ပျူတာခန်း၊ စက်မှုပုံဆွဲခန်းများနှင့် ကျောင်းဝန်းအတွင်းရှိ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မြေထိန်းနံရံနှင့် ရေလှောင်ကန်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဟားခါးမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စက်မှုသက်မွေးအထက်တန်းကျောင်းအုပ်ဆရာကြီးက ကျောင်းအတွက် တင်ပြလို သည့်အချက်များကိုတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။
ခရိုင် ( ပြန်/ဆက် )