ချမ်းအေးသာစံ ဇွန် ၂၁
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပစေတနာရှင်၊ ရဟန်း၊ ပြည်သူများမှ အလှူငွေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းမှုအနေဖြင့် အလှူရှင်များဖြစ်သည့် မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ လုံလင်လူမှုကူညီရေးအသင်းတို့မှ ကျပ်သိန်း(၂၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းမှုတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများတွင် ဖယ်ရှားရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြည်တွင်းပြည်ပ စေတနာရှင်၊ ရဟန်း၊ ပြည်သူများမှလှူဒါန်းသည့် အလှူငွေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများကို လိုအပ်နေသည့် ငလျင်ဘေးသင့်ပြည်သူများထံ စနစ်တကျဖြန့်ဝေပေးနေမှုတို့အား ပြောကြားခဲ့သည်။
ဆက်လက်၍ အလှူရှင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက လှူဒါန်းရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် အလှူရှင်များဖြစ်သည့် မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ လုံလင်လူမှုကူညီရေးအသင်းတို့မှ စုစုပေါင်းကျပ်သိန်း(၂၀၀၀)တန်ဖိုးရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း (၁၄)မျိုးကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်