မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်အား ဝင်ရောက်ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု

ချမ်းအေးသာစံ ဇွန် ၂၁

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ၏ ရူပဒေဘာသာရပ်နှင့် သမိုင်းဘာသာရပ်အား ဇွန် ၂၀ ရက်နေ့တွင် သက်ဆိုင်ရာစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုကြရာ မန္တလေးတိုင်းဒေသကြီးအတွင်း သတ်မှတ်စာစစ်ဌာန ၁၀၁ ခုတွင် ရူပဗေဒဘာသာရပ်၌ ၃၂၇၀၈ ဦးနှင့် သမိုင်းဘာသာရပ်၌ ၁၀၅၃ ဦးဝင်ရောက်ဖြေဆိုခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ လိုက်ပါပြီး တံတားဦးခရိုင်၊ တံတားဦးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်ပြီး စာဖြေခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာဘာသာရပ်အလိုက် စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအားက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ဘီလူ (အင်းဝ) အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများဖြင့် ငလျင်ဘေးသဏ္ဍာန်တူ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုငွေများနှင့် အားဖြည့်အချိုရည်များ ချီးမြှင့်ပြီးနောက် ပြသထားသည့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားဦးခရိုင် လမ်းဦးစီးဌာနက ဆောင်ရွက်နေသည့် ရန်ကုန်-ပြည်-မန္တလေးလမ်း မိုင်(၅၀၀/၆-၅၀၀/၇)ကြား မြစ်သာအင်းနေရာသို့ သွားရောက်ပြီး မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မြစ်သာအင်းလမ်းနေရာမှာ ၂ ပေမှ ၃ ပေခန့် နိမ့်ကျပျက်စီးပြီး လမ်းတာဘောင်ဘေးတစ်လျှောက် ငလျင်အက်ကွဲကြောင်းများ ၁၅ ပေအနက်ခန့် ဖြစ်ပေါ်ခဲ့သည့်အတွက် ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာပါက မြစ်သာအင်းတာဘောင် ရေတိုက်စားပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းများ မဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများ သွားလာမှုလွယ်ကူချောမွေ့စေရန် တာဘောင်ဘေးတစ်ဖက်တစ်ချက်အား မျောတုတ်နှစ်ဆင့်ရိုက်၍ မူလ ၂၀‌ ပေအကျယ် မြေသားတာဘောင်အား ၄၀ ပေအကျယ် မြေသားတာဘောင်ချဲ့ထွင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်