မိုးနဲ ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၁၉)ရက်နေ့ ညနေ (၂)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
ဦးစွာ စစ်ရေးပြမှူးမှဦးဆောင်၍ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌအား အလေးပြုခဲ့ကြပြီး မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အားကစားကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးကောင်းမွန်အောင် ဆောင်ရွက်နိုင်ကြောင်း၊ မိုးနဲမြို့နယ်အတွင်း အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရေး မျှော်မှန်းကြောင်း၊ စိတ်ဓာတ်အရင်းခံကာ ဂရုတစ်စိုက်ကစားကြရန်လိုကြောင်း ပြောကြားပေးခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများကို ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ချီးမြှင့်ပေးခဲ့ပြီး အားကစားသမားများအား ကစားကွင်းမှ ပြန်လည်ထွက်ခွာကာ အခမ်းအနားပိတ်သိမ်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အားကစားယှဉ်ပြိုင်ကြမည့်သူများ၊ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့များ စုပေါင်း (၁၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)