မဟာအောင်မြေ ဇွန် ၂၁
မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အသိပညာပေးဟောပြောရာတွင် မူးယစ်ဆေးဝါးအန္တရာယ်က တိုင်းပြည်၏အနာဂတ်ကို ကြီးမားတဲ့ခြိမ်းခြောက်မှု အန္တရာယ်တစ်ခုဖြစ်တာကြောင့် မူးယစ်ဆေးဝါးရဲ့အန္တရာယ်ကို သိရှိနားလည်ရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးသုံးရခြင်း အဓိကအကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းဝယ်ခြင်းပြုလုပ်ပါက အရေးယူခံရမည့် ဥပဒေပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းရှင်းလင်းခြင်း၊ မူးယစ်ဆေးဝါးသည် စိတ်ကိုပြောင်းလဲစေပြီး အသုံးပြုမှုစွဲလမ်းစေခြင်းနှင့် အခြားကြီးမားသော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူတိုင်း တွေ့ကြုံခံစားရမည့် ရောဂါဝေဒနာများအကြောင်း၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကြီးမားပုံနှင့် ဆိုးကျိုးများအကြောင်း သိရှိရှောင်ရှားတတ်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာပေများနှင့် မူးယစ်ဆေးဝါးပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း