တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာတွင် ဝင်ငွေတိုးစီမံကိန်းဆိုင်ရာ စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား

တပ်ကုန်း ဇွန် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာတွင် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းမှ ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျလင်းက ရာဂီမုန်တိုင်းဒဏ်ကြောင့် လုပ်ငန်းဆုံးရှုံးရသူများ၊ မြေယာဆုံးရှုံးခဲ့သူတွေကို  တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရန် စက်ပစ္စည်းများ ထောက်ပံ့ပေးမှာဖြစ်၍ စက်ပစ္စည်းများအသုံးပြုရန် နည်းပညာပေးတဲ့ သင်တန်းဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဟာ ဝန်ကြီးဌာနရဲ့ မျှော်မှန်းချက်နဲ့အညီ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားလာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်တိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး  အသက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချပေးခြင်း၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ရန် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ အသေးစားလုပ်ငန်းများကိုလည်း လုပ်ငန်းမှတ်ပုံတင်ပေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးနေတဲ့ ဌာနတစ်ခုဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စိုးမမဋ္ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ တာဝန်ရှိသူများနှင့်အတူ အပ်ချုပ်စက်နှင့်သင်ထောက်ကူပစ္စည်းများ ကြည့်ရှုကာ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ (၁၅)ဦး တက်ရောက်ပြီး၊ သင်တန်းနည်းပြဆရာမများက အခြေခံစက်နင်း၊ ချုပ်ရိုး၊ ရင်စေ့၊ နောက်ဇစ်၊ ရင်ဖုံးနှစ်မျိုးချုပ်နည်း၊ ရိုးရိုးထမီ၊ ပတ်ထမီချုပ်နည်း၊ သုံးလွှာ၊ လေးလွှာ၊ ချိတ်စကတ်၊ မီနီစကတ် ချုပ်နည်း၊ ဂါဝန်ချုပ်နည်း၊ ဂျပန်လည်ထောင်ချုပ်နည်းတို့ကို စာတွေ့၊ လက်တွေ့ တစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်