နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ပုဗ္ဗသီရိ - တပ်ကုန်းလမ်းနှင့် ရန်ကုန် - မန္တလေး လမ်းဟောင်းအတွင်းရှိ လယ်ယာမြေများအပေါ်တွင် ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်၊ သင်တန်းဆင်းပွဲ၊ ဖွင့်ပွဲတက်ရောက်၊ သီးနှံစိုက်ခင်းများ ကြည့်ရှု

တပ်ကုန်း ဇွန် ၂၁     

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ပုဗ္ဗသီရိ - တပ်ကုန်းလမ်းနှင့် ရန်ကုန် - မန္တလေးလမ်းဟောင်းအတွင်းရှိ လယ်ယာမြေများအပေါ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံ စိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ တိုင်း၊ ခရိုင်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးပညာပေးဝန်ထမ်းများ၊ သီးနှံစုံမျိုးစေ့ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၂)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ပုဗ္ဗသီရိ - တပ်ကုန်းလမ်းနှင့် ရန်ကုန် - မန္တလေးလမ်းဟောင်းအတွင်းရှိ လယ်ယာမြေများအပေါ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေးအတွက် အုပ်စုအဖွဲ့ကော်မတီအဖွဲ့ဝင်များအနေဖြင့် စိုက်ပျိုးရေးတောင်သူများ နားလည်အောင် ရှင်းပြဆောင်ရွက်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများ ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ စိုက်ဘဏ်ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေး၊ မျိုးစေ့၊ မြေဆီ သွင်းအားစုကုမ္ပဏီများမှ တောင်သူများစိုက်ပျိုးချိန်မီ အဆင်ပြေအောင် ဆောင်ရွက်ပေးရေး ဆွေးနွေးပြောကြားခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းက နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေဧရိယာများ၊ ပန်းတိုင်အနှုန်းပြည့်မီရေး၊ မျိုးစေ့ဖြန့်ဖြူမှုများ၊ ဓာတ်မြေဩဇာသုံးစွဲမှုများ၊ စိုက်ပျိုးနည်းပညာပေးမှုများ၊ စိုက်ပျိုးရေရရှိမှုများ၊ စက်ကိရိယာနှင့် လက်ဆွဲမျိုးစေ့ချ ကိရိယာအသုံးစွဲမှုအခြေအနေတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့၍လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူက နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး အုပ်စုအဖွဲ့ခွဲဆောင်ရွက်မည့် စာရင်းအစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် သက်ဆိုင်ရာဌာနကိုယ်စားလှယ်များမှ အလေးထားဆောင်ရွက်သွားရေး ပြောကြား၍လည်းကောင်း၊ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းမြစ်ဌာန)မှ ဒုညွှန်ကြားရေးမှူး ဦးကျော်ညွန့်က စက်ရေတွင်းနှင့် ဆိုလာရေတွင်းများ တူးဖော်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် အုပ်စုအဖွဲ့ကော်မတီဝင်များ၊ မျိုးစေ့ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၂)အုပ်စုမှ အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ပြန်လည်ဖြေကြားပေးခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍအစုအဖွဲ့များကွင်းဆင်းရေး၊ ဆိတ်ခြံလှောင်စနစ် မွေးမြူရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရိပ်ရသစ်ပင်များစိုက်ပျိုးရေး၊ ဒေသထွက် သီးနှံကုန်ကြမ်းများမှ ကုန်ချောထုတ်လုပ်ရေး၊ ကုန်စည်ဒိုင်ဖွံ့ဖြိုးရေး၊ လက်မှုလယ်ယာမှ စက်မှု လယ်ယာစနစ်သို့ ကူးပြောင်းရေး ရှင်းလင်းမှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ပေါက်ပင်သာကျေးရွာ၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်းဆင်းပွဲသို့ ရောက်ရှိ၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင်ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဆုပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီမြှင့်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ရှောက်ကုန်းကျေးရွာတွင် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းမှ ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲသို့ ရောက်ရှိ၍ သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး သင်ထောက်ကူပစ္စည်းများ ကြည့်ရှုအားပေးခဲ့၍လည်းကောင်း၊ ကွင်းအမှတ် (၁၄၁၁) ရှောက်ကုန်းကွင်းအတွင်း ပဲတီစိမ်းစိုက်ခင်း၊ နွေစပါးစိုက်ခင်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး သက်ဆိုင်ရာဌာနများအား ရှင်းလင်းမှာကြားခဲ့ပြီး၊ ရှောက်ကုန်းကျေးရွာအဝင်လမ်းဘေး အရိပ်ရသစ်ပင်များရှင်သန်အောင် စိုက်ပျိုးထားရှိရေး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့အား ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်