တောင်ဥက္ကလာပမြို့နယ် Teacher Thuzar ကိုယ်ပိုင်အလယ်တန်းကျောင်း၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

တောင်ဥက္ကလာပ    ဇွန်   ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(တောင်ဥက္ကလာပ မြို့နယ်)နှင့် Teacher Thu Zar ကိုယ်ပိုင်အလယ်တန်းကျောင်းတို့ပူးပေါင်း၍  မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၁)ရပ်ကွက်၊ သီဟသူလမ်းရှိ Teacher Thuzar ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် Teacher Thu Zar ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ ယခုအခါတွင် မူးယစ်ဆေးဝါးကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုး ဖြန့်ဖြူးလျက်ရှိသောကြောင့် သတိထားနိုင်ရန်၊  ကျောင်းသား လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသည့် ဗလငါးတန် လူ့စွမ်းအားတို့ကို ပျက်စီးစေနိုင်သည့် မူးယစ်ဆေးကို "ရှောင်လေဝေးဝေး မူးယစ်ဆေး" ဆိုသည့်အတိုင်း‌ ရှောင်ရှားရန်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မူးယစ်‌ဆေးဝါးဆန့်ကျင်‌ရေးအသင်း(ဗဟို) အလုပ်အမှုဆောင် ဒေါ်အေးအေးအောင်က မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်များ သတိထားဆင်ခြင်နိုင်ကြစေရန် အသိပညာပေး ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် သုတ/ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့‌ကြောင်း သိရသည်။

သီရိ(ပြန်/ဆက်)