မိုးနဲ ဇွန် ၂၁
၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် (၃၈)နှစ်မြေက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း အင်ကြင်းဆောင်ခန်းမနေရာ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လီလီမိုးစက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်များဗလငါးတန်နှင့်ပြည့်စုံရေးကိုလည်းကောင်း ၊မြို့မရဲစခန်းမှ ရဲအုပ် ကျော်မင်းသက်က လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးအန္တရာယ်များ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးအန္တရာယ်များနှင့် မူးယစ် ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးနှင့်ဘိန်းအမျိုးအစား၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း ဟောပြောခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထုတ်ဝေသည့် မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ချိတ်ဆွဲပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အသိ ပညာပေးပို့စတာများကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)