ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒဂုံတောင် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လုပ်ငန်းများပေါင်းစပ်ဆောင်ရွက်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၆၄)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က ကျူးစာရင်းများမကျန်ရှိ‌စေရေး၊ မဲပေးခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးများ မဆုံးရှုံးစေရေးတို့အတွက် မှတ်ပုံတင်မရရှိသေးသူများ စာရင်းများကောက်ယူရေး  သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ဖြစ်ပွားမှုရှိပါက ချက်ချင်းတင်ပြဆောင်ရွက်ရေး၊ ရောဂါဖြစ်ပွားမှုမရှိအောင် တိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပါက မြို့နယ်လျှပ်စစ်ဌာနသို့ အကြောင်းကြားဆောင်ရွက်ရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ ကျောင်းအပ်နှံရေးလုပ်ငန်းများ လျာထားချက်ပြည့်မီ‌အောင် ဆောင်ရွက်ရေး၊ ဝါ၊ စိမ်း၊ နီ၊ ပြာ အမှိုက်ပုံးများတွင် အမှိုက်ခွဲခြားစွန့်‌ပစ်ရေးများ စသဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းအ‌ခြေအနေများ ချပြဆွေးနွေးပြီး လိုအပ်သည်များရှိပါက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသီဟကျော်က မှုးယစ်ဆေးဝါးကာကွယ်ရေးလုပ်ငန်းများနှင့် လုံခြုံရေးအကြောင်းအရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသန်းဦးက ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းနိုင်က ဝန်ထမ်းတိုင်း မဲပေးစက်ကိုင်တွဲအသုံးပြုနိုင်ရေး သင်တန်းတက်ရောက်ရမည့်အခြေအနေများ မြို့နယ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မိမိတို့မြို့နယ်၏ ဆောင်ရွက်ရမည့်လုပ်ငန်းများ ရှင်းလင်းပြောကြားခြင်းနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

သန်းသန်းအေး