မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ

မင်္ဂလာတောင်ညွန့် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၁:၃၀)နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာရေးဆရာမ(မေ) ရန်ကုန်က “လူငယ်နှင့်ဘဝရည်မှန်းချက်” ခေါင်းစဥ်ဖြင့် လူငယ်များမိမိဘဝအတွက် ထားရှိသည့်ရည်မှန်းချက်အတိုင်း ကြိုးစား‌ဆောင်ရွက်သွားကြရန် ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက ကျောင်းသား၊ ကျောင်းသူများအား “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ စာဖတ်ခြင်းဖြင့်ရရှိလာမည့် ဗဟုသုတနှင့် အကျိုးကျေးဇူးများအကြောင်းတို့ကို ဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှု‌လေ့လာခဲ့ကြကြောင်း သိရသည်။

မြတ်မြတ်အေး(ပြန်/ဆက်)