ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ စတုတ္ထအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

အင်းစိန် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ စတုတ္ထအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းအနီး၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်သာယာရေး၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို တုံ့ပြန်ဆောင်ရွက်ရန် ကမ္ဘာ့နိုင်ငံအသီးသီးတွင် Green Campaign များ ဆောင်ရွက်နေကြပြီး ဒေသတွင်းနိုင်ငံများတွင်လည်း အစီအစဉ်အမျိုးမျိုးနှင့် Green Campaign များ မြှင့်တင်ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရပါကြောင်းနှင့် နိုင်ငံ့သစ်တောသယံဇာတများ မပျက်စီးအောင် ထိန်းသိမ်းကာကွယ်ပေးကြရန်၊ သစ်တောပြုန်းတီးခြင်းဆိုင်ရာဆိုးကျိုးများကို အလေးထားဂရုပြုပြီး နိုင်ငံ၏ကြွယ်ဝသည့် သစ်တောသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် စနစ်တကျအကျိုးရှိရှိ အသုံးပြုနိုင်အောင် ထိန်းသိမ်းကာကွယ်ပြုစုထူထောင်ကြရန် စသည်တို့ကိုပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များနှင့် ဌာနမှူးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က တိုင်းဒေသကြီး ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ပျဉ်းကတိုး (၈၇၂)ပင်၊ ပိတောက် (၁၆၈၇)ပင်၊ ပျဉ်းမ (၃၃၅)ပင်၊ မဟော်ဂနီ (၁၂၄၄)ပင်၊ စိန်ပန်း (၂၇၃)ပင်၊ ခရေ (၁၉၃)ပင်၊ ကံ့ကော် (၇၇၀)ပင်၊ သင်းဝင် (၁)ပင်နှင့် ယင်းမာ (၁)ပင် စုစုပေါင်း (၅၃၇၆)ပင်တို့ကို စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက စွန့်ပစ်အမှိုက်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် စက္ကူအပိုင်းအစ၊ စက္ကူအိတ်နှင့် ကတ်ထူများကဲ့သို့သော အမှိုက်ခြောက်၊ စားကြွင်းစားကျန်များကဲ့သို့သော အမှိုက်စို၊ ဖန်၊ သံဘူးနှင့် သတ္ထုဘူးများ ကဲ့သို့သော အန္တရာယ်ရှိသောအမှိုက်၊ ပလတ်စတစ်ဘူး/ ခွက်/ အိတ်များကဲ့သို့သော ပလတ်စတစ်အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေး ပြောကြားသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ငမိုးရိပ်ရေလှောင် တမံရှိ ရှင်းလင်းဆောင်သို့ရောက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားကာ ဆည်သို့လာရောက်သူများ၏ အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ငမိုးရိပ်ရေလှောင် တမံကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိသည့်ရေပိုလွှဲ၊ ပင်မတမံ၊ ရေထုတ်ပြွန်နှင့် ရေပေးဝေမှုလုပ်ငန်းအဆင့်ဆင့် အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငမိုးရိပ်ရေလှောင်တမံ အဝင်လမ်းဘေးရှိ ဆီအုန်းပင်များနှင့် သစ်ပင်များကို အလင်းပွင့်စေရန် အကိုင်းအခတ်များခုတ်ထွင်ရှင်းလင်းရန်၊ ရေပိုလွှဲအထွက် ငမိုးရိပ်ချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်နှင့် တမံများကြံ့ခိုင်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတိုင်း ကြိုတင်ပြင်ဆင်ခြင်း၊ ကူညီကယ်ဆယ်ခြင်း၊ တုန့်ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအတိုင်း ရပ်ရွာကျေးရွာနေပြည်သူများသို့ အသိပညာပေး ဆောင်ရွက်သွားရန်စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)