နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၊ သဘာဝဘေးအသိပညာပေးသရုပ်ပြပွဲနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၂၁

နေပြည်တော် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ဇဗ္ဗူသီရိမြို့နယ်၊ ဗေဗေ့မောင်ဆည်၌ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်‌‌ကောင်စီဥက္ကဋ္ဌက မဟာလှေခါးပင်အား စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများမှ သတ်မှတ်နေရာများတွင် မဟာလှေခါး၊ Fox Tail၊ မဟော်ဂနီ၊ ပိတောက်၊ စိန်ပန်း၊ ပျဉ်းမနှင့် ခရေ အပင်(၂၀၀) စိုက်ပျိုးနေမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌက လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်၍‌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်  ချောင်းမကြီးရေလှောင်တမံသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော တမံအား ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်ပြီး ယာယီရေတားတမံ တည်ဆောက်ရန်အတွက် ချဉ်းကပ်လမ်းဆောင်ရွက်နေမှု၊ ရေထုတ်ပြွန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် မြေစမ်းသပ်ခြင်း(Soil Test) ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ တမံကြံ့ခိုင်မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊  တာဝန်ရှိသူများမှ အမြဲမပြတ် ကြီးကြပ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တို့မှ သဘာဝ‌ဘေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်နေသော  သဘာဝဘေး ရှာ‌ဖွေကယ်ဆယ်ရေးအဖွဲ့များအား တွေ့ဆုံ၍ သဘာဝဘေးဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ သွားရောက်ကယ်ဆယ်နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ စွမ်းဆောင်ရည်မြင့်မားလာအောင် အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်ရေး၊ လူ၊ ယာဉ် စက်ယန္တရားများ၊ အမြဲအသင့်ဖြစ်စေရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်စေရန် လေ့ကျင့်ထားရေး၊ ယခင်ဖြစ်ပွားခဲ့သော သဘာဝဘေးများတွင် ဆောင်ရွက်ခဲ့သည့် အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး အကောင်းဆုံးပြင်ဆင်ဆောင်ရွက်ထားရေး တို့ကိုမှာကြားပြီး ခင်းကျင်းပြသထားသော ကယ်ဆယ်ရေးယာဉ်နှင့် စက်ပစ္စည်များအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအား လိုက်လံနှုတ်ဆက်ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ သစ်ယာကုန်းကျေးရွာ အုပ်စုသို့သွားရောက်ပြီး သစ်ယာကုန်းကွင်း (၁၅၁၉)တွင် မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက် နေမှုအားကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊  ဇီးကုန်းကျေးရွာသို့ သွားရောက်ပြီး ဆင်သေ‌ချောင်းဘေးဝဲယာ သီးနှံစိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ဆင်သေချောင်းဘေးတစ်လျှောက် မြေလွတ်၊ မြေလပ်မကျန် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့‌သည်။

ဆက်လက်၍ ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးနှင့် မြို့မဈေးသို့သွားရောက်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဈေးသူ၊ ဈေးသားများနှင့် ပြည်သူလူထုအား အမှိုက်ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးသရုပ်ပြပွဲသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက အမှိုက်ခွဲခြားစွန့်ပစ်ရခြင်း၏ အကျိုးကျေးဇူးများကို အသိပညာ‌ပေးရှင်းလင်းပြောကြားကြပြီး အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိအမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ခြင်းကို သရုပ်ပြသကြပြီး တက်ရောက်လာကြသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်များရှိ ယာယီတည်းခိုရေးစခန်းများအား သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ၊ စခန်းအတွင်း ရေ၊ သန့်စင်ခန်း၊  မီးဖိုများနှင့် စခန်းအတွင်း နေထိုင်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုံခြုံရေးစနစ်တကျ ဆောင်ရွက်ပေးရေး၊ လူနေထိုင်မှုမရှိသည့် တဲများအား စနစ်တကျပြန်လည်သိမ်းဆည်းရေး၊ စခန်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ပြီး စခန်းတွင်နေထိုင်သူများအား  စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)