လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အထွေထွေဗဟုသုတရရှိစေရန် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) ဇွန် ၂၁

ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အထွေထွေဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉း၀၀)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း “နတ်ရှင်နောင်” ခန်းမ၌ကျင်းပရာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးကျော်သူဝင်း(ဦးရွှေမန်း)နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးကျော်သူဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်က အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း၊ ယာဥ်ထိန်းရဲတပ်ဖွဲ့မှ (ရဲအုပ်)သိန်းထိုက်က ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် Book Club အသင်းဥက္ကဋ္ဌ ကဗျာဆရာ ဦးစိုးမိုးသိမ်းက “မူရင်းကောင်းမှမိတ္တူကောင်းမည်” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ကဗျာဆရာ မုန်းမာန်ခ(ဧရာဝတီ)က မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းခိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် အသိပညာပေးပြောကြားကြသည့် စာရေးဆရာများ၏ မှတ်သားစရာများကို ပြန်/ဆက် ဦးစီးအရာရှိက ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်မေးမြန်းကာ ပြန်လည်ဖြေကြားနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များနှင့် ဘောပင်များ ချီးမြှင့်ပေးကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာရရှိစေမည့် စာအုပ်၊ စာစောင်များ နံရံကပ်စာစောင်များ ပြသပေးခြင်း၊ စကားပုံစပ်ပြိုင်ပွဲများ ပြုလုပ်ပေးကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၂၅ ခုနှစ်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)