တိုက်ကြီး ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးအပြည့်အဝစိုက်ပျိုးရေး၊ လယ်ယာကဏ္ဍရည်မှန်းချက်များ အောင်မြင်စေရေးအတွက် မိုးစပါးစိုက်ပျိုးသည့်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရင်းတိုက်ကွင်းကျေးရွာအုပ်စု၊ ရွှေခေတ်သစ်ခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးအပြည့်အဝ စိုက်ပျိုးကြရေးနှင့်လယ်ယာမြေများအား တန်ဖိုးထားထိန်းသိမ်းရေး ရည်မှန်းသည့် ပန်းတိုင်အထွက်နှုန်းများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး ခရိုင်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းခိုင်က လယ်ယာမြေနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က လယ်ယာကဏ္ဍမူဝါဒအရ ဆောင်ရွက်ရမည့် သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ အဓိကသီးနှံ ၁၀ မျိုးကို ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းများပြည့်မီအောင် ဆောင်ရွက်ကြရေး၊ ဆီထွက်သီးနှံများကို အလေးထားတိုးချဲ့စိုက်ပျိုးရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးတောင်သူများအနေဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ICT အား ချဉ်းကပ်အသုံးပြုဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်နှင့် တာဝန်ရှိသူများက အောင်နိုင်တိုးမျိုးစပါးပြန့်ပွားရေးအတွက် စိုက်ပျိုးသူတောင်သူ ၃ ဦးကို မျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)