ဇမ္ဗူသီရိ ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ယနေ့မွန်းလွဲပိုင်းက စာကြည့်တိုက်များရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေနော်ဝင်းက အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဥိးစီးအရာရှိ ဒေါ်နီလာစိုးက စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့်တိုက်လုပ်ငန်းများအောင်မြင်ရေး၊ ကျောင်းသား၊ ကျောင်းသူလူငယ်များစာကြည့်တိုက်ကိုအားကိုးအားထားပြုတတ်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်စေရေး၊ စာကြည့်တိုက်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်တတ်စေရေး၊ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များအတွက် စာအုပ်များအားပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)