ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်၏မြေယာဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့တက်ရောက်

ဟားခါး ဇွန် ၂၀

ချင်းပြည်နယ်၏မြေယာဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတောင်သူကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပပြုလုပ်သည့် ဟောပြောဆွေးနွေးပွဲတွင် မြေယာစီမံခန့်ခွဲမှုဆိုင်ရာဥပဒေ၊ နည်းဥပဒေများမှ သိမှတ်ဖွယ်ရာများ၊ စည်ပင်သာယာရေးဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း သိကောင်းစရာများနှင့် ရှောင်ရန်၊ ဆောင်ရန်ကိစ္စ ရပ်များအပြင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူလူထု၊ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ကိုင်သူများအတွက် အကျိုးရှိစေသော သိမှတ်ဖွယ်ရာကိစ္စရပ်များကို သက်ဆိုင်ရာဌာန အသီးသီးမှ ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း၊ မြေယာတစ်ခုကို လက်ရောက်ရယူခြင်းဆိုင်ရာ အတွက် သတ်မှတ်ချက်များ၊ ရရှိနိုင်သော အခွင့်အရေးသတ်မှတ်ချက်များ၊ အသုံးပြုဆောင်ရွက်ခွင့် ဆိုင်ရာစည်းကမ်းများ အသုံးပြုခွင့်ရုပ်သိမ်းခြင်း၊ ရပ်စဲခြင်းဆိုင်ရာ သတ်မှတ်ချက်များ၊ မြေယာ အသုံးပြုခွင့်ရရှိထားသူများက ထမ်းဆောင်ရမည့်တာဝန်များ၊ လိုက်နာရမည့်စည်းကမ်းချက်များ၊ မြေယာအငြင်းပွားမှုပေါ်ပေါက်လာပါက ဖြေရှင်းဆောင်ရွက်ရန်အချက်များနှင့် ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များ၏ အာဏာသက်ရောက်စေမှုစသည့် အခြေခံအကြောင်းတရားများကို ကျယ်ကျယ် ပြန့်ပြန့်နှံ့နှံ့စပ်စပ် နားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချနိုင်စေရန်အတွက် ယခုကဲ့သို့ ဟောပြောဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ အနေဖြင့် ဆွေးနွေးမှုများအပေါ် လက်တွေ့အမှန်တကယ် ပြန်လည်အသုံးချလိုက်နာကျင့်သုံးနိုင်ရေး နှင့် မရှင်းလင်း၊ နားမလည်သည့်ကိစ္စရပ်များရှိပါက ရင်းနှီးပွင့်လင်းစွာဖြင့် မေးမြန်းဆွေးနွေးကြစေလို ကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်သင့်သည့် ကိစ္စရပ်များ တွေ့ရှိထွက်ပေါ်လာပါကလည်း ဒေသတစ်ခုတည်းအတွက်အခြေမခံဘဲ အားလုံးအတွက် လွှမ်းခြုံသော ပိုမိုထိရောက်ပြီး လက်တွေ့ကျကျအသုံးချနိုင်သည့် ရလဒ်ကောင်းအဖြစ် အကြံပြု ဆွေးနွေးတင်ပြခြင်း၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းချက်များအပေါ် ကျင့်သုံးလိုက်နာ ဆောင်ရွက်ကြခြင်းဖြင့် မြေသယံဇာတများကို အကောင်းဆုံးအသုံးချဆောင်ရွက်ပြီး အကောင်းဆုံးနှင့် အသင့်တော်ဆုံး မြေယာစီမံခန့်ခွဲမှုစနစ်ကို ထူထောင်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက “မြို့မြေ၊ ရွာမြေစီမံခန့်ခွဲခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်မြေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြတ်သုဝေက “စာရင်းကောက်ယူပြုစုလျက်ရှိသော မြေအမျိုးအစားအလိုက် မြေအသုံးချမှုအခြေအနေ၊ ဌာနမှ လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုဆောင်ရွက်လျက်ရှိသော ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်ဥပဒေ၊ နည်းဥပဒေများနှင့် မြေခွန်စည်းကြပ်ခြင်းဆိုင်ရာသိကောင်းစရာများ”၊ “လယ်ယာ မြေဥပဒေ၊နည်းဥပဒေများမှ သိမှတ်ဖွယ်ရာ”၊ “မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေဆိုင်ရာသိကောင်းစရာများနှင့် စာချုပ်စာတမ်းများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များမှ သိရှိမှတ်သားဆောင်ရွက်နိုင်သောကိစ္စရပ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဆလိုင်းလွမ်းဆဝုန်းက “မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အဆောက်အဦများ ဆောက်လုပ်ခြင်းဆိုင်ရာစည်းကမ်းများ” ခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်းဟောပြောကြသည်။

ရှင်းလင်းဟောပြောချက်များအပေါ် ဟောပြောဆွေးနွေးပွဲ တက်ရောက်လာကြသူများက မရှင်းမလင်း၊ နားမလည်သည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးကြပြီး ဟောပြောဆွေးနွေးသည့် ပြည်နယ်ဦးစီးမှူးများက ပြန်လည်ဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများကလိုအပ်ချက်များ ထပ်မံဖြည့်စွက်ကြ၍ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး မြေစာရင်းဦးစီးဌာနက ခင်းကျင်းပြသထားသည့် ဥပဒေ၊ နည်းဥပဒေများကို ပြည်နယ်ဝန်ကြီးချုပ်က လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)