မြစ်ကြီးနား ဇွန် ၂၀
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ် (၁၂) ခုတွင် စာစစ်ဌာန (၂၂) ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှစတင်၍ အေးချမ်းစွာ ကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ဇွန် ၁၈ ရက်နေ့တွင် စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင် ဘာသာရပ်များ စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနရှိ စာမေးပွဲဖြေဆိုရန်လာရောက်ကြသည့် ကျောင်းသား/ ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချစွာ လာရောက်နိုင်ရေး၊ စည်းကမ်းချက်များနှင့်အညီ ဖြေဆိုနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ကျ ဆရာ/ ဆရာမများက ကြီးကြပ်ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများအား နှုတ်ဆက်အားပေးခဲ့ကြပြီး စာသင်ခန်းများအတွင်း ဘာသာရပ်အလိုက် အေးချမ်းစွာဖြေဆိုလျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စနစ်တကျစုဖွဲ့ထားသော အဖွဲ့အစည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အတူ မွန်းလွဲပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် အဆိုပါစာစစ်ဌာန၌ စာမေးပွဲဖြေဆိုပြီး ပြန်လည်ထွက်ခွာလာသော ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြပြီး အာဟာရဖြစ်မုန့်နှင့် အချိုရည်ဘူးများကို ဝေငှကျွေးမွေးခဲ့ကြကာ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများအား နှုတ်ဆက်အားပေးခဲ့သည်။
ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ် (၁၂) မြို့နယ်တွင် စာစစ်ဌာန (၂၂) ခုဖွင့်လှစ်၍ စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၈၆၉၆)ဦး ရှိ သည့်အနက် ယနေ့ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်တွင် (၇၁၀၂) ဦးနှင့် ပထဝီဝင်ဘာသာ ရပ်တွင်ဖြေဆိုသူဦးရေ (၁၄၈၀) ဦးဖြင့် စုစုပေါင်းဖြေဆိုသူဦးရေ (၈၅၈၂)ဦး ဖြေဆိုလျက်ရှိပြီး စာမေးပွဲဖြေဆိုစဉ် ကာလအတွင်း စာစစ်ဌာနအသီးသီး၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင်ရေးတပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ ရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြသည်။
ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်၍ ယနေ့ အထိ လုပ်ဆောင်မှုများအား မှတ်တမ်းများ ထားရှိနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
ထိုသို့ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် (၅)နှစ်တာကာလအတွင်း ကချင်ပြည်နယ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်း၊ စီမံကိန်းများအားလုံးကို အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် ဂုဏ်ယူဝင့်ကြွားစွာ မှတ်တမ်းတင်ထိန်းသိမ်းထား ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယခုမှတ်တမ်းစာအုပ်သည် သမိုင်းဝင်မှတ်တမ်းများအဖြစ် ကျန်ရစ်စေမည်ဖြစ်သည့်အတွက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍအလိုက် စနစ်တကျ ပြုစု၍ မှန်ကန်သော ကိန်းဂဏန်းအချက်အလက်များ၊ GDP တိုးတက်မှုဖြစ်စဉ်များအပေါ် မှတ်တမ်းဓာတ်ပုံများဖြင့် ဝေဝေဆာဆာဖော်ပြပါရှိရေး အလေးအနက်ထား ဝိုင်းဝန်းပြုစုပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက မှတ်တမ်းစာအုပ်ပြုစုပေးပို့သွားရမည့် အစီအစဉ်များနှင့် မှတ်တမ်းစာအုပ်ပါ အချက်အလက်များကိုလည်းကောင်း၊ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းက မှတ်တမ်းစာအုပ်ပါ အချက်အလက်များအားပြုစု၍ မှတ်တမ်းစာအုပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်တင်ပြကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မှတ်တမ်းစာအုပ်တွင် ဖော်ပြသွားမည့် အကြောင်းအရာများအပေါ် ဝန်ကြီးဌာနအလိုက် ကိန်းဂဏန်းများ ပြုစုပေးပို့နိုင်ရေးနှင့် တိုးတက်မှုဖြစ်စဉ်များအပေါ် မြင်သာထင်သာအောင် ပြုစုဖော်ပြသွားရမည့်ကိစ္စရပ်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မှတ်တမ်းစာအုပ်တွင်ပါဝင်သည့် အကြောင်းအရာ၊ ခေါင်းစဉ်အလိုက်ဖော်ပြပါရှိရမည့် ကိစ္စရပ်များအပေါ် အကြုံပြုသုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ချက်များနှင့်အညီ အရေးကြီးသည့် ကိန်းဂဏန်း၊ အချက်အလက်ပြည့်စုံမှန်ကန်စွာဖြင့် ဖော်ပြနိုင်ရေးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ၂၀၂၅ ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့် ပြင်ဆင်လျက်ရှိသော လူငယ်ကစားသမာများအား နှစ်သင်းခွဲ ယှဉ်ပြိုင်ကစားစေပြီး ပြည်နယ်လက်ရွေးစင်အသင်းအဖြစ် စိစစ်ရွေးချယ်ခြင်းပြိုင်ပွဲအား ဘောလုံးအားကစား ဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်တို့က ဘောလုံးအားကစားသမားများအား အာဟာရထောက်ပံ့စာရိတ်အဖြစ် ချီးမြှင့်ငွေကျပ်(၂၅)သိန်းနှင့် နည်းပြများအတွက် ချီးမြှင့်ငွေများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)