ညောင်ရွှေ ဇွန် ၂၀
မတ်လ (၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရင်ပြင်တော်၊ ရတနာစံကျောင်းတော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဘုရားဖူးလာ ပြည်တွင်းပြည်ပဧည့်သည်များ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဘုရားဂေါပကအဖွဲ့မှ စံကျောင်းတော်ပေါ်သို့ တက်ရောက်ဖူးမြော်ကြည်ညိုခွင့်ကို ယာယီပိတ်ထားခဲ့သည်။
ယခုအခါ ကျွမ်းကျင်ပညာရှင်များ၊ လုပ်သားများ၊ ခေတ်မီစက်ယန္တယားကြီးများဖြင့် ဘုရားကုန်းတော်မြေ ကြံ့ခိုင်မှုကောင်းမွန်စေရေးအတွက် Sheet Pile ရိုက်ခြင်းလုပ်ငန်း၊ ပင်မစံကျောင်းတော်ကြီး ပိုမိုတောင့်တင်းခိုင်မာမှုရှိစေရန်အတွက် တိုင်များ ထပ်ပိုးကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်း၊ ကျောင်းတော်ပေါ်သို့တက်ရောက်သည့် လှေခါးကြီးများပြင်ဆင်ခြင်း၊ ရင်ပြင်တော်ကျောက်ပြားခင်းခြင်းလုပ်ငန်းများနှင့် အခြားပြုပြင်မွမ်းမံမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ယနေ့အထိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ပင်မစံကျောင်းတော် တိုင် (၄၁)လုံး ထပ်ပိုးကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး ပြုပြင်မွမ်းမံရေးလုပ်ငန်းများအတွက် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက အလှူငွေများ၊ ပစ္စည်းများ ထည့်ဝင်လှူဒါန်းကုသိုလ်ပါဝင်ကြရာ စုစုပေါင်းထည့်ဝင်လှူဒါန်းငွေ (၃၂၉၀၅၃၀၀၀/)ကျပ် ရရှိခဲ့ပြီဖြစ်ကြောင်းနှင့် ဘုရားဖူးလာပြည်သူများ အမြန်ဆုံးပြန်လည်ဖူးမြော်နိုင်ရေး၊ ယခုနှစ်သီတင်းကျွတ်ဘုရားပွဲတော်ကာလအမီ ထိခိုက်ပျက်စီးသွားသည့် စံကျောင်းတော်အစိတ်အပိုင်းများကို အရှိန်အဟုန်မြှင့် ပြုပြင်မွမ်းမံလျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ