နေပြည်တော် ဇွန် ၂၀
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာ၊ အလင်းစေတမန် စာကြည့်တိုက်ဆောက်လုပ်မှုပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထို့သို့ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ရပ်ကွက်၊ကျေးရွာနေပြည်သူများအနေဖြင့် အသိပညာဗဟုသုတရရှိစေရန်နှင့် ပြည်သူများ၏လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ ကောင်းမွန်သောအမြင်များ၊ အတွေးအခေါ်များကျယ်ပြန့်လာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်များနှင့် ပြည်သူလူထုများ၏ စာဖတ်အားကောင်းလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲများ၊ အသိပညာပေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပရိဘောဂနှင့် စာအုပ်စာစောင်များကို စာကြည့်တိုက်အင်္ဂါရပ်နှင့်အညီ စာကြည့်တိုက်ဆောင်ပုဒ်များ ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာဖတ်စွမ်းရည်မြင့်မားလာ၍ အတွေးအခေါ်များမြင့်မားလာမည်ဖြစ်ရာ ပြည်သူများကစာကြည့်တိုက်ကို အမြန်ဆုံးအသုံးချနိုင်အောင် စနစ်တကျဆောင်ရွက်ထားရှိရန်နှင့် ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးစေရေးအတွက် ကျေးရွာစာကြည့်တိုက်ကော်မတီများဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်စေရေး ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်းပြောကြားပြီး တာဝန်ရှိသူများ၏တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)