နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၀

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များ ဆောက်လုပ်နေမှုအခြေအနေများနှင့် ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကျေးရွာစာကြည့်တိုက် မကြာမီဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက်ပရိဘောဂ၊ စာအုပ်စာစောင်နှင့် စာကြည့်တိုက်အင်္ဂါရပ်နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ရမည့်လုပ်ငန်းများအား စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရှိရန်နှင့် ကျေးရွာစာကြည့်တိုက်အမြန်ဆုံးဖွင့်လှစ်နိုင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ သပြေပင်ကျေးရွာနှင့် ရွာသာကျေးရွာများသို့သွားရောက်၍ ကျေးရွာစာကြည့်တိုက်များဆောက်လုပ်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက စာကြည့်တိုက်ဆောက်လုပ်ရေးလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးနှင့် စာကြည့်တိုက် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး အမြန်ဆုံးဖွင့်လှစ်ရေးလမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီကျေးရွာ စာကြည့်တိုက်ဆောက်လုပ်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ကော်မတီဖွဲ့၍ စာကြည့်တိုက်ဖွင့်လှစ်နိုင်ရေးနှင့် လစဉ် စာအုပ်၊ စာစောင်များ၊ သတင်းစာများဖြည့်ဆည်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သူတိုးပွားရေးကို ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

မျိုးသီဟ(ပြန်/ဆက်)