နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်အား အိမ်တိုင်ရာရောက် လိုက်လံချီးမြှင့်ပေးအပ်

ရန်ကုန် ဇွန် ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သာသနာတော်သုံးရပ် တိုးတက်စည်ပင်ထွန်းကား ပြန့်ပွားစေရန်အလိုငှာသာသနာတော်တွင် ပစ္စည်းလေးပါးတို့ဖြင့် စွမ်းစွမ်းတမံထောက်ပံ့လှူဒါန်းခဲ့သော ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ရာ အခမ်းအနားသို့ ကျန်းမာရေးအရ ကိုယ်တိုင်တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိသော ဘွဲ့ခံပုဂ္ဂိုလ်အား ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သည့် သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်အား ကာယကံရှင်နေအိမ်သို့ သွားရောက်ချီးမြှင့်အပ်နှင်းသည်။

ဦးစွာ မရမ်းကုန်းမြို့နယ်နေ ဘွဲ့ခံပုဂ္ဂိုလ်၏ နေအိမ်သို့ အိမ်တိုင်ရာရောက်သွားရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၅) ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်စား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ပေးအပ်ချီးမြှင့်ရာ ဘွဲ့ခံပုဂ္ဂိုလ်ဖြစ်သည့် ဒေါ်ခင်စောနှင်းက လက်ခံရယူခဲ့သည်။

ထို့ကဲ့သို့ နေအိမ်သို့ သွားရောက်ပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်အား အိမ်တိုင်ရာရောက် ကာယကံရှင်ပုဂ္ဂိုလ်နှင့် မိသားစုဝင်ထံသို့ လိုက်လံချီးမြှင့်ပေးအပ်ရာ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်အား လက်ခံရရှိသော မိသားစုဝင်က ယခုကဲ့သို့ အိမ်တိုင်ရာရောက် လာရောက်ချီးမြှင့်ပေးအပ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တာဝန်ရှိသူများအပါအဝင် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားကြသည်။

ဆက်လက်၍ ဒေါ်ခင်စောနှင်းမိသားစုက မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် အလှူငွေကျပ် သိန်း(၁၀၀)အား ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)