နေပြည်တော် ဇွန် ၂၀
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ရေလှောင်တမံ ရေဝေ၊ ရေလဲ ဧရိယာစိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် ငလိုက်ရေလှောင်တမံ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်များနှင့် ပြည်သူလူထုများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များတိုးချဲ့စိုက်ပျိုးရန်လိုကြောင်း၊ ရေဝေရေလဲဧရိယာများထိန်းသိမ်းနိုင်ရေးနှင့် မြေဆီလွှာတိုက်စားမှုမှကာကွယ်နိုင်ရေး၊ သဲနှုန်းများတိုက်စားမှုလျော့နည်းစေရေးအတွက် သစ်ပင်များစိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ သစ်တောပြုန်းတီးမှုများကာကွယ်နိုင်ရေးနှင့် ရာသီဥတုမှန်ကန်မှုရှိစေရေးအတွက် သစ်ပင်များတိုးချဲ့စိုက်ပျိုးရန်လိုကြောင်း၊ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် လူတစ်ဦးချင်းအလိုက်သစ်ပင်များစိုက်ပျိုးရန်လိုကြောင်း၊ နေပြည်တော်အား Green City၊ Clean City၊ Smart City ဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျွန်းပင်အားစတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများမှ သတ်မှတ်နေရာများတွင် ကျွန်း၊ မဟော်ဂနီနှင့် တမာ အပင်(၃၀၀) စိုက်ပျိုးနေမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာရှိ စိုက်ပျိုး၊ စီးပွားအသိပညာပေးစင်တာ(KC)သို့ သွားရောက်ပြီး တောင်သူများအား မိုးစပါးနှင့် မိုးဆီထွက်သီးနှံများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ပေးအပ်ပွဲကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း မြေလွတ်၊ မြေလပ်မကျန် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စိုက်ပျိုးဆောင်ရွက်ရေး၊ တောင်သူများကိုယ်တိုင် သဘာဝမြေဩဇာကို ပြုလုပ်အသုံးပြုနိုင်ရေး၊ ပေါ်ဆန်းမွှေးနှင့် အောင်နိုင်တိုးစပါးမျိုးများ တိုးချဲ့စိုက်ပျိုးရေးတို့ကိုပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများက စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များမှ မျိုးစပါးများနှင့် သွင်းအားစုများကို တောင်သူများအားပေးအပ်ကြပြီး တက်ရောက်လာကြသည့် တောင်သူများမှတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းသည် ဇလောင်းကျေးရွာသို့သွားရောက်ပြီး ဦးအောင်ဇော်လင်း၏ ရတနာဆန်စက်နှင့်ဒေသနွား(ပြာစိမ်း) အကောင်(၂၀)အား ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ဒေသနွားများတိုးချဲ့မွေးမြူနိုင်ရေးနှင့် တိရစ္ဆာန်အစာ နေဗီယာမြက်များကိုယ်တိုင် စိုက်ပျိုးကျွေးမွေးနိုင်ရေး မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေသည့် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာစစ်ဌာနသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာစာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး Camp ဝင် ရောက်နေသောကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများပေးအပ်ကာ တာဝန်ရှိသူများအား မြို့ရွာအတွင်းသန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများအား သတ်မှတ်အရောင်များဖြင့်ထားရှိနိုင်ရန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)