ဇေယျာသီရိ ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေသည့် AI ဉာဏ်ရည်တုနည်းပညာပြန့်ပွားရေးလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျွန်းရောင်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့နှင့် တောင်သူများတွေ့ဆုံ၍ တောင်သူများ၏စိုက်ပျိုးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက တောင်သူများအနေဖြင့် ခေတ်မီနည်းပညာများ လက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူဖြစ်စေရန် AI ဉာဏ်ရည်တုနည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့်တောင်သူများ၏ ဖုန်းထဲသို့ Software များ ထည့်သွင်းပေးခြင်း၊ အသုံးပြုသည့်နည်းလမ်းများ စမ်းသပ်ပြသခြင်းစသည့် ပညာပေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့သည်။
ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးစီးဌာနမှ စိုက်ပျိုးရေးနည်းပညာပေးဝန်ထမ်းများက ကျေးရွာစိုက်ပျိုး စီးပွားအသိပညာပေးစင်တာများတွင် ယနေ့အထိ ကျေးရွာအုပ်စုပေါင်း ၁၂ အုပ်စု၊ ကျေးရွာပေါင်း ၁၆ ရွာ၊ ဝန်ထမ်းနှင့်တောင်သူစုစုပေါင်း ၁၅၀ ဦးတို့ကို AI ဉာဏ်ရည်တုနည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)