မိုးညှင်း ဇွန် ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဌာနမှ အာဟာရမုန့်နှင့် အချိုရည်ဗူးများကို ယနေ့မွန်းတည့် (၁၂)နာရီက ဝေငှပေးခဲ့ကြောင်း သိရသည်။
အဆိုပါဝေငှပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို ဦးဆောင်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေနှင့် ပညာရေးဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့ဝင်များ စုပေါင်း၍ သတ်မှတ်စာစစ်ဌာနများတွင် ဓာတုဗေဒ ဘာသာရပ်နှင့်ပထဝီဝင်ဘာသာရပ်သို့ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများကို အာဟာရမုန့်နှင့် အချိုရည်ဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် ဖွင့်လှစ်ထားသော စာစစ်ဌာနသုံးခုရှိရာ အ.ထ.က-၁(မိုးညှင်း) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ(၉၃၁)၊ အ.ထ.က(ဟိုပင်)စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၃၈၆) ဦးနှင့် အ.ထ.က(အင်းတော်ကြီး)စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦး ဖြေဆိုသူ စုစုပေါင်း (၁၆၁၇)ဦးရှိပြီး စာရင်းသွင်း ကျောင်းသား၊ ကျောင်းသူ (၁၆၃၉) ဦးရှိ၍ ပျက်ကွက်သူ (၂၂)ဦးရှိရာ ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၉၈) ဒဿမ (၆၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရွှေမိုးညှင်း