ဘားအံ ဇွန် ၁၉
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါး ၄၂၇၁၅၁ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီးလျာထားဧက ပြည့်မီကျော်လွန်ရေးနှင့် တစ်ဧကအထွက်နှုန်းပန်းတိုင်ရည်မှန်းချက် ပြည့်မီ ကျော်လွန်ရေး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများက တောင်သူစည်းရုံးပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာ၊ ကွင်းအမှတ်-၁၂၁၅/က တောင်သူဦးမောင်လင်းအောင်၏ ပိုက်ဆံလျှော်စိုက်ခင်းအတွင်း၌ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သစ်စိမ်းမြေဩဖာ (ပိုက်ဆံလျှော်)ထယ်ထိုး မြေမြှုပ်ခြင်း ကွင်းသရုပ်ပြပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဝင်းကျန်၊ ဖာလင်-၁၊ ဖာလင်-၂ ကျေးရွာများမှ တောင်သူများက အမှတ်(၂၀) စက်မှုလယ်ယာစခန်း(ဘားအံ)၏ Kubota 50 ထွန်စက်ကြီးများဖြင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ပင်များအား ထယ်ထိုးမြေမြှုပ်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှတာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးထယ်ထိုးမြေမြုပ်ခြင်း အားဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ ဓာတ်မြေဩဇာအသုံးပြုမှုကို လျှော့ချ၍ ဈေးနှုန်းသက်သာပြီး ရေရှည်တွင်မြေဆီဩဇာကောင်းမွန်စေသော သဘာဝမြေဩဇာများ ကို တောင်သူများတွင်တွင် ကျယ်ကျယ် အစားထိုးအသုံးပြုလာစေရန် စူပါဘိုကာရှီမြေဆွေးပြုလုပ် သုံးစွဲနည်းကို လက်တွေ့ပြုလုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တက်ရောက်လာသောတောင်သူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြား၍ တောင်သူများကိုယ်တိုင် ပြန်လည်ပြုလုပ်သုံးစွဲကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ဝင်းကျန်ကျေးရွာ ကွင်းအမှတ်-၁၂၁၅/ခ၊ တောင်သူဒေါ်ထွေးမြ၏ လယ်မြေ ၅ ဧက၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းမြင့်က မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က မိုးစပါးစွမ်းအားပြည့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆွေးနွေးပြောကြားကာ တောင်သူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြား၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)