မောက်မယ်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မောက်မယ် ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍  ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူလတန်းဆင့်ပန်းချီပြိုင်ပွဲ၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိမြင်ပြီးရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲလျင်ဖြစ်တတ်သောအန္တရာယ် လက္ခဏာများနှင့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကိုဟောပြောခဲ့ပြီး မူလတန်းဆင့်ပန်းချီပြိုင်ပွဲကို  အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်းမှ Grade-4 ကျောင်းသား/ ကျောင်းသူများ(၁၇)ဦးတို့က မိမိတို့ကြိုက်နှစ်သက်ရာ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကိုပါဝင်ယှဉ်ပြိုင်ကြပြီး (Community Centre) ခန်းမတွင် ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများကစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ပန်းချီပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများကို ရွေးချယ်၍ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)