ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲများ ကျင်းပ

ဇမ္ဗူသီရိ  ဇွန် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၇)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူကောင်းလူတော်များဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ 

ထို့နောက် ဟောပြောပွဲအပြီးတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၂၇)အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးဝင်ရောက်ယှဥပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား/ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် တာဝန်ရှိသူများကဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ လူငယ်ရေးရာနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်တစားဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)