ကလော ဇွန် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက လွယ်အံကျေးရွာအုပ်စု၊ ကြေးကုန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ၂၀၂၅ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များအကြောင်းတို့ကို ဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ လူငယ်ရေးရာနှင့်ပတ်သက်၍ ဗလငါးတန်အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပအသိပညာဗဟုသုတများတိုးပွားရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုပပျောက်ရေးဆိုင်ရာအကြောင်းများပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)