ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်

ကျိုင်းလပ် ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်က အခြေခံပညာမူလတန်းကျောင်း(နမ့်ငေါ့)၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန်းစန်းမြင့်က လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အများဆုံးဖြစ်ပွားနိုင်သော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့်နည်းလမ်းများ၊ လူကုန်ကူးမှုကျူးလွန်ပါက ကျခံရမည့်ပြစ်ဒဏ်များအကြောင်းနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးက စာဖတ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးပိုမိုထက်မြက်စေရန်ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကိုလည်း ကျင်းပပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)