ရွာငံ ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ရွာငံ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ပြဿနာများ၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ လက္ခဏာများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း၊ မူးယစ်ကင်းစင်သော ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် အရေးကြီးပုံအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရေးတို့ကိုလည်းကောင်း အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးသန့်(ပြန်/ဆက်)