တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်လာရောက်ကြည့်ရှု

ချမ်းအေးသာစံ ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အမှတ်( ၁၄) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို အားပေးကြည့်ရှုခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးတို့သည် ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှူများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။ထို့နောက် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ယာဥ်အန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံရေး၊ ကျန်းမာရေး စသည့်လိုအပ်သည်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု ခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကာလကို ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ချမ်းအေးသာစံမြို့နယ်တွင် စာ​ဖြေဌာန( ၄ )နေရာ ထားရှိကာ ယနေ့ ဓာတုဗေဒဘာသာရပ် ဖြေဆိုရာတွင် စာရင်းရှိကျောင်းသား ( ၁၅၂၈) ဦး၊ ပျက်ကွက်ကျောင်းသား ( ၁၁) ဦး၊ ဖြေဆိုကျောင်းသား( ၁၅၁၇) ဦး ဖြေဆိုခဲ့ကြောင်း သိရှိရပါသည်။

ချမ်းမြေ့မောင်