မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရားများအား ဖူးမြော်ကြည်ညို၊ ပြုပြင်မွမ်းမံထိန်းသိမ်းမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇွန်လ (၁၈) ရက်နေ့က ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့သွားရောက်ဖူးမြှော်ရာတွင် အာနန္ဒာဂူဘုရားကြီး၊ ထီလိုမင်းလို ဂူဘုရားကြီးနှင့် ရွှေစည်းခုံစေတီတော်သို့ သွားရောက်ဖူးမြှော်ကြည်ညို၍ အလှူငွေများ လှူဒါန်းခဲ့သည်။

အဆိုပါ ဘုရားများသို့ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများက အာနန္ဒာဂူဘုရားကြီး စောင်းတန်း (၃) သွယ်ရှိ ရွှေဇဝါယွန်းများရွှေမိုက်ထုတ်ခြင်း၊ EasyGold ဖြင့် ရွှေချလုပ်ငန်းဆောင်ရွက်မည့်အစီအမံများ၊ ထီလိုမင်းလိုဂူဘုရားရင်ပြင် သဲကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရွှေစည်းခုံစေတီတော်ကြီးတွင် ကဏ္ဍအလိုက် ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းများဆောင်ရွက်‌နေမှုတို့နှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေပြီး လှည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်နေသည့် ပုဂံရှေးဟောင်းအမွေအနှစ်ဒေသအတွင်း ရေကြီးရေဝပ်မှုထပ်မံ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ရှေးဟောင်းရေကန်များနှင့် ရှေးခေတ်ရေအသုံးချမှုစနစ် ပြန်လည်ဖော်ထုတ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ သရပါတံတားအောက်ရှိ ရေနှုတ်အဆောက်အဦအား  တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက် မည့်အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လိုက်လံကြည့်ရှုခဲ့သည်။

၎င်းနောက် ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသည့် ညောင်ဦးမြို့မှ ပုဂံမြို့သွား အနော်ရထာနှစ်လမ်းသွား လမ်းမကြီးပေါ် မိုးရွာသွန်းမှုများချိန်၌ ရေကြီးရေဝပ်ခြင်းများမဖြစ်ပေါ်စေရန်၊ ရေစီးရေလာကောင်းမွန်စေရန်၊ ယာဉ်ဖြတ်သန်းသွားလာမှုချောမွေ့စေရန်  Box Culvert နှစ်စင်းဆောင်ရွက်နေမှုလုပ်ငန်းများကိုလည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆောင်ရွက်နေသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေလမ်းကြောင်း အမှတ် (၂) ပြုပြင်တူးဖော်ခြင်း၊ ရေကျော်များပြုပြင်တည်ဆောက်ခြင်းနှင့် လိုအပ်သော မြေထိန်းနံရံများတည်ဆောက်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၇) က တာဝန်ယူတည်ဆောက်နေသော ဘက်စုံသုံးမြို့နယ်ခန်းမ အဆောက်အဦအသစ် တည်ဆောက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်