နေပြည်တော် ဇွန် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ငလျင်ဘေး၊ ရေဘေးနှင့်မီးဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ဇတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခြင်းကို ယနေ့နံနက်က မင်္ဂလာဒီပရပ်ကွက်ရှိ ရင်သွေးပျိုးခင်း ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီမင်းက ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ငလျင်ဘေး၊ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ကြုံတွေ့လာရပါက ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေရန်၊ မိမိကိုယ်ကိုယ် မထိခိုက်အောင်ကာကွယ်တတ်စေရန်၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် ကာကွယ်ရမည့်နည်းလမ်းများနှင့် အန္တရာယ်ရှိအဆောက်အဦမှဘေးလွတ်ရာနေရာသို့ စနစ်တကျရှောင်တိမ်းတတ်စေရန်၊ သဘာဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် မီးဘေးအန္တရာယ်အကြောင်းသိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ငလျင်ဘေးနှင့်ရေဘေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခန်းများ၊ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းများကို ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)