ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယအကြိမ်) တတိယနေ့ ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ပြည်နယ်ပြေးခုန်ပစ်အသင်း၏ စံချိန်ယူလေ့ကျင့်ဆန်းစစ်မှုပြိုင်ပွဲအား ကြည့်ရှုအားပေးချီးမြှင့်

မြစ်ကြီးနား ဇွန် ၁၈

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ်ဌာန(၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်၍ အေးချမ်းစွာကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ဇွန် ၁၈ ရက်နေ့တွင် စာမေးပွဲတတိယနေ့အဖြစ် သင်္ချာဘာသာရပ် စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊  မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနရှိ စာမေးပွဲဖြေဆိုရန် လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချစွာ လာရောက်နိုင်ရေး၊ စည်းကမ်းချက်များနှင့်အညီ ဖြေဆိုနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ကျဆရာ/ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စာသင်ခန်းများအတွင်း အေးချမ်းစွာဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား လည်းကောင်း၊ ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စနစ်တကျစုဖွဲ့ထားသော အဖွဲ့အစည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် အဆိုပါ စာစစ်ဌာန၌ စာမေးပွဲဖြေဆိုပြီး ပြန်လည်ထွက်ခွာလာသော ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြပြီး အာဟာရဖြစ်မုန့်နှင့် အချိုရည်ဘူးများကို ဝေငှကျွေးမွေးခဲ့ကြကာ ကျောင်းသားမိဘများအား နှုတ်ဆက်အားပေးခဲ့သည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တတိယနေ့ သင်္ချာဘာသာရပ်ကို ပြည်နယ်အတွင်းရှိ မြို့နယ် (၁၂)မြို့နယ်တွင် စာစစ်ဌာန (၂၂)ခုဖွင့်လှစ်၍ အေးချမ်းစွာ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၈၆၉၆)ဦး ရှိသည့်အနက် ဖြေဆိုသူဦးရေ (၈၅၈၃)ဦး ဖြေဆိုခဲ့ကြပြီး ရာခိုင်နှုန်းအနေဖြင့် (၉၈ ဒဿမ ၇၀) ရာခိုင်နှုန်း ရှိကြောင်း သိရှိရပြီး စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း စာစစ်ဌာနအသီးသီး၌ ကျောင်းသား/ ကျောင်းသူများ  အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင်ရေး တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အတူ ယနေ့နံနက်(၈)နာရီကလည်း မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ အားကစားနှင့်ကာယသိပ္ပံကျောင်းနှင့် ဌာနဆိုင်ရာဆိုင်ရာအဖွဲ့အစည်းများ၏ လျာထားမြေဧရိယာအတွင်းရှိ ပတ်လမ်းများတစ်လျှောက် ကချင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ လမ်းဘေးဝဲ/ယာတစ်လျှောက်ရှိ သတ်မှတ်နေရာအသီးသီးတွင် အရိပ်ရ အပင်ကြီးမျိုးဖြစ်သည့် ပျဉ်းကတိုးပင် (၆၀၀)နှင့် မန်ဂျန်ရှားပင် (၆၀၀) စုစုပေါင်းပျိုးပင်ပေါင်း (၁၂၀၀)ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်စိုက်ပျိုးပေးကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့် ပြင်ဆင်လျက်ရှိသော ပြည်နယ်ပြေးခုန်ပစ်အသင်းအား နည်းပြများနှင့် စံချိန်ယူလေ့ကျင့်ဆန်းစစ်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်မှုကို တက်ရောက်အားပေးခဲ့ကြသည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် ပြည်နယ်ပြေးခုန်ပစ်အသင်း၏ အမျိုးသား မီတာ ၁၁၀ နှင့် အမျိုးသမီး မီတာ ၁၀၀ တန်းကျော်ပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ (၃၀၀၀)၊ မီတာ (၂၀၀၀)၊ မီတာ (၈၀၀)နှင့် အမျိုးသမီး မီတာ (၂၀၀၀)အပြေး ပြိုင်ပွဲများ၊ အမျိုးသား/ အမျိုးသမီး သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်ပြိုင်ပွဲများနှင့် မီတာ (၁၀၀) လက်ဆင့်ကမ်းပြေးပြိုင်ပွဲများအား စံချိန်ယူလေ့ကျင့်ဆန်းစစ်ခြင်းပြိုင်ပွဲများကို အထူးတန်းပွဲကြည့်စဉ်မှ ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် အားကစားနည်းအလိုက် စံချိန်တင်ယှဉ်ပြိုင်ခဲ့ကြသော ကစားသမားများအား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပထမ၊ ဒုတိယနှင့် တတိယဆုများအဖြစ် ချီးမြှင့်ငွေကျပ် (၁,၀၇၅,၀၀၀)ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပြေးခုန်ပစ်အသင်းအတွက် အာဟာရထောက်ပံ့စာရိတ်အဖြစ် ငွေကျပ်(၂၅)သိန်းနှင့် နည်းပြများအတွက် ချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်