ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးပွဲသို့တက်ရောက်

ဟားခါး ဇွန် ၁၈

ချင်းပြည်နယ်၏ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့(အခြေချ) စစ်ဗျူဟာ စိုက်ပျိုးကွင်း၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် မိုးဟိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် မွေးမြူသူ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်တွင် နွားနောက်၊ ကျွဲ၊ နွား၊ ဆိတ်များကို မိရိုးဖလာ သဘာဝအတိုင်း လွှတ်ကျောင်းမွေးမြူခဲ့ရသည်မှာ ရှေးအစဉ်အဆက်ကပင်ဖြစ်ကြောင်း၊ လွှတ်ကျောင်းစနစ်မွေးမြူခြင်းသည် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလွန်ခက်ခဲသည့် ကိစ္စဖြစ်သည့်အပြင် မျိုးနီးသာအောင်မှုကြောင့် တိရစ္ဆာန်မျိုးရိုးနိမ့်ကျလာခြင်း၊ ထုတ်လုပ်မှုစံမမီခြင်း၊ စိုက်ခင်းများ ပျက်စီးစေခြင်းစသည့် ဆိုးကျိုးများကို ခံနေရပါကြောင်း၊ ချင်း ပြည်နယ်၏ ရတနာနွားနောက်များသည်လည်း အချင်းချင်း မျိုးနီးသားအောင်မှုများကြောင့် အရည်အသွေးနိမ့်ကျခြင်း၊ ခွေးအကဲ့သို့ တောရိုင်းတိရစ္ဆာန်များ၏ အစာအတွက် အသုံးချခံရခြင်းများကြောင့် ဆုံးရှုံးမှုများလည်း ကြုံတွေ့လျက်ရှိကြောင်း၊ သို့ဖြစ်၍ နွားနောက်အပါအဝင် ကျွဲ၊ နွား၊ ဆိတ် စသည့် မွေးမြူရေးတိရစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်သို့ ကူးပြောင်းမွေးမြူရန် လိုအပ်ပါကြောင်း၊ လွှတ်ကျောင်းစနစ်မှသည် အပြည့်အဝ ခြံလှောင်စနစ်သို့ ချက်ခြင်းမကူးပြောင်းနိုင်မီ တစ်ဝက်ခြံလှောင်စနစ် ( Mini-Intensive System ) သို့ စတင်ကူးပြောင်းမွေးမြူရန် လိုအပ်ကြောင်း၊ ထိုသို့ကူးပြောင်းမွေးမြူရာတွင် အဟာရပြည့်ဝသည့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးကျွေးမွေးခြင်းသည် အဓိကကျသည့် အခန်းကဏ္ဍဖြစ်ကြောင်း၊ ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်အစာပင် မြက်မျိုးများဖြစ်သည့် နေပီယာ၊ မြက်ချို၊ တေကူယန်၊ မွန်ဘားဆားနှင့် မူလတို မြက်မျိုးများကို တစ်ပြိင်နက် စိုက်ပျိုးမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးပြီး နှစ်လခန့်ဆိုပါက ဒေသနှင့် ကိုက်ညီမှုရှိ၊ မရှိ အကဲဖြတ်နိုင်မည်ဖြစ်ပါကြောင်း၊ တောင်သူများ လက်တွေ့အကျိုးရှိစေရန် သရုပ်ပြ စိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီသည့်မြက်မျိုးကို ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ သိန်းလွင်က စိုက်ပျိုးမည့် မြက်မျိုးများအကြောင်းနှင့် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က စိုက်ပျိုးမည့် တိရစ္ဆာန်အစာပင် မျိုးများကိုပေးအပ်ရာ ပြည်နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးကလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က တိရစ္ဆာန်ကုသဆေးများကို ပေးအပ်ရာ စစ်ဗျူဟာ(အခြေချ)(ဟားခါး)မှ တာဝန်ရှိသူတစ်ဦးကလည်းကောင်း လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က တိရစ္ဆာန်အစာပင်မြက်မျိုးများ စုပေါင်း စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာမူလတန်းလွန်ကျောင်း(မူလွန်တပ်နယ်)သို့သွားရောက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် နွားနို့၊ ကြက်ဥနှင့် အာဟာရမုန့်များ တိုက်ကျွေးနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများ အတွက် စာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၇)စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ်(၁)နယ်လှည့်စစ်မြေပြင်ဆေးတပ်စု ကုတင်(၂၀)၊ ဟားခါးသို့သွားရောက်ပြီး ဆေးကုသမှုခံယူနေသော တပ်မတော်သားများအား ကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)